ကချင်ဘက်က ကျယ်ပြန့်စွာ ခုခံဖို့ စစ်ဆင်

  • 13 ဇွန် 2011
Kachin Kia
Image caption ကချင်တပ်သားများ စစ်ရေးလေ့ကျင့်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအား လျပ်စစ်စက်ရုံ အနီးမှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဆက်လက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။

အရင်နှစ်ရက်ကလဲ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး တနင်္လာနေ့မှာလဲ တိုက်ပွဲက အရှိန်ကျမသွားပဲ ဆက်လက်ပြင်းထန်နေ ဆဲလို့ KIO ကချင် လွတ်လပ်ရေးအဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်တွေဘက်ကလည်း အင်အားဖြည့်တင်းတာတွေ ဆက်ရှိနေတဲ့အတွက် ကချင်ဘက်ကလည်း Padang Hkrun Lam (အောင်နိုင်ရေးစစ်ဆင်မှု) ပဒန် ခွန်လမ်ဆိုတဲ့ စစ်ဆင်ရေးတစ်ခု ချမှတ်ပြီး တပြည်နယ်လုံး ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်မယ်လို့ ဦးလာနန်က ပြောပါတယ်။

တာပိန်ရေအားလျှပ်စစ် စက်ရုံနေရာကိုတော့ အစိုးရတပ်ဘက်က ခြေကုပ်ယူထားပြီး အဲဒီနေရာကို KIA တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံက တရုတ်နိုင်ငံဘက်ကို ရေအားလျှပ်စစ် ထုတ်လုပ်ရောင်းချတဲ့ စက်ရုံဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ စက်ရုံဝန်ထမ်း တရုတ်အင်ဂျင်နီယာတွေနဲ့ အလုပ်သမားတွေ တရုတ်ဘက် ထွက်ပြေးသွားလို့ စက်ရုံဆက်လက် လည်ပတ်မှု ရှိမရှိ မသိရပါဘူး။

တိုက်ပွဲအတွင်း နောက်ထပ် နှစ်ဘက် ကျဆုံး ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိလည်း မသိရသလို အစိုးရဘက်ကလည်း ဒီစစ်ပွဲအကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ တနင်္ဂနွေနေ့ကတော့ ကချင်တပ်သား ၄ ဦး ကျဆုံးခဲ့ပါတယ်။

ကမ်းလှမ်းပေမယ့် မအောင်မြင်

တနင်္ဂနွေညက နေပြည်တော်မှာရှိနေတဲ့ အရင် နအဖ အစိုးရဝန်ကြီးဟောင်းတစ်ဦးက နှစ်ဘက် ရင်းနီးသူတစ်ဦးက တဆင့် စစ်ပွဲရပ်စဲနိုင်ဖို့ ဆိုပြီး ပြောဆိုလာတာ ရှိတယ်လို့ ဦးလာနန်က ပြောပါတယ်။ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ် မပြောပါဘူး။

KIA တပ်ကို ၂ ရက်လောက် သည်းညည်းခံပေးဖို့ သူက ပြောပေမယ့် ကချင်တပ်ဘက်ကတော့ စစ်ပွဲဆိုတာ ၂ ရက်အတွင်း အမျိုးမျိုးပြောင်းလဲနိုင်တာမို့ တနင်္လာနေ့ မွန်းတည့် ၁၂ နာရီထိပဲ အချိန်ဆွဲထားနိုင်ပြီး အဲဒီကာလအတွင်း အစိုးရဘက်က အပြုသဘော မတုံ့ပြန်ရင် စစ်ဆင်ရေးတစ်ရပ် ဆင်နွဲမယ်လို့ သူက ပြောပါတယ်။

အခုလို ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေသလို တခြား တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ရှမ်းနဲ့ ကရင်တို့ဘက်မှာလည်း အရင် အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတာ လနဲ့ချီ ရှိနေပါပြီ။

အစိုးရအနေနဲ့ နယ်ခြားစောင့်တပ် လက်မခံတဲ့ တိုင်းရင်းသားတပ်တွေကို အလုံးအရင်းနဲ့ မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့တော့ ချေမှုန်းသွားမယ့် အစီအစဉ်ရှိနိုင်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။