မြန်မာ​ကို ဦးတည်​တဲ့ သင်္ဘော​ပြန်​လှည့်​လို့ဆို

  • 13 ဇွန် 2011

မြောက်ကိုရီးယားကနေ မြန်မာနိုင်ငံကို ပို့ဖို့ ဒုံးကျည်နည်းပညာ တင်ဆောင်လာတဲ့ သင်္ဘောကို အမေရိကန်ရေတပ်က ပြီးခဲ့တဲ့နှစ်ပတ်လောက်က တားဆီးနိုင်ခဲ့တယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာက ရေးပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားသင်္ဘောကို စစ်ဆေးဖို့ ရပ်ခိုင်းခဲ့တဲ့ အမေရိကန်ဖျက်သင်္ဘော

M/V Light မြောက်ကိုရီးယား ကုန်တင် သင်္ဘောကို အမေရိကန် ဖျက်သင်္ဘော McCampbell က ရှန်ဟိုင်းမြို့ တောင်ဘက် ပင်လယ်ထဲမှာ အမှီလိုက်နိုင်ပြီး စစ်ဆေးဖို့ ဆိပ်ကမ်း တခုမှာ ရပ်တန့် ခိုင်းခဲ့ပေမယ့် ငြင်းဆန်ပြီး နောက်ကြောင်း ပြန်လှည့်သွား တယ်လို့ အမေရိကန် အရာရှိကို ကိုးကားပြီး သတင်းစာက ရေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကလည်း မြန်မာနိုင်ငံကို သွားမယ့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောဟာ တောင်တရုတ်ပင်လယ်မှာ အခုလိုပဲ အမေရိကန် ရေတပ်ဖွဲ့က တားဆီးခဲ့လို့ ပြန်လှည့်ခံရဖူးတယ်လို့ ဒီမိုကရေစီဖွံ့ဖြိုးမှုဌာနက NDD သုတေသီ ဦးဌေးအောင်က ဘီဘီစီကို ပြောပါတယ်။

တခါ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ တစောင် မှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား ပစ္စည်းတွေကို အီရန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံတွေကို ပေးပို့နေတယ်လို့ အစီရင်ခံစာတွေ ထွက်တဲ့ အကြောင်း ပါတယ်လို့ သူကပဲ ဆက်ပြောပါတယ်။

အမေရိကန်စစ်သင်္ဘောက စစ်ဆေးဖို့ လေးကြိမ်လောက် ရပ်တန့်ခိုင်းပေမယ့် မြောက်ကိုရီး ယားက သင်္ဘောက မရပ်ဘဲ ပြန်လှည့်သွားတာကြောင့် သံသယကို ပိုကြီးထွား စေတယ်လို့ သုံးသပ်မှုတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။