မြန်မာပြည်က ဂြိုဟ်တု ပူးတွဲဝယ်မည်

  • 14 ဇွန် 2011
Space ဓာတ်ပုံ မူပိုင် BBC World Service
Image caption အာကာသထဲကို ဒုံးပျံနဲ့လွှတ်တင်

မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၂ဝဝ လောက်ကုန်ကျမယ့် ဂြိုဟ်တုတစ်လုံးကို ဝယ်ပြီး ရုရှား၊ တရုတ်၊ ဂျပန် ဂြိုဟ်တုကုမ္ပဏီတွေနှင့် ပူးပေါင်းပြီး လွှတ်တင်သွားဖို့ ရှိတယ်လို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးတင့်လွင်ကို ကိုးကားပြီး Eleven သတင်းထဲမှာ ဖော်ပြထားပါတယ်။

စစ်ဘက်သုံးဖို့နဲ့ မြေပေါ်မြေအောက် သယံဇာတ ရှာဖွေတဲ့ ဂြိုလ်တုနဲ့ ဆက်သွယ်ရေးဂြိုဟ်တုဆိုပြီး ၂ မျိုး ၂ စားရှိရာမှာ မြန်မာပြည်ကတော့ ရုပ်သံနဲ့ဆက်သွယ်ရေး ဦးစားပေးလုပ်ဆောင်ဖို့ ဆိုပြီး ပြောပေမယ့် ဘယ်လို သုံးမလဲဆိုတာ တိတိကျကျတော့ မသိရသေးပါဘူး။ နောက်ပြီး ဝယ်ယူဖို့ ကိစ္စ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ မသိရသေးပါဘူး။

ဆက်သွယ်ရေးဂြိုဟ်တုက ရုပ်မြင်သံကြား၊ အင်တာနက်၊ တယ်လီဖုန်း အစရှိတဲ့ ဆက်သွယ်ရေးအတွက်ပဲ ဖြစ်ပြီး တခြားစစ်ဘက် အသုံးပြုတဲ့ မြေပြင်ဓါတ်ပုံတို့ မြေအောက်က သယံဇာတရှာဖွေတာကိုတော့ နောက်ဂြိုဟ်တု တစ်မျိုး သုံးရပါတယ်။

အာကာသထဲကို မြန်မာက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ဖို့ဆိုရင် လောလောဆယ်အနေအထားအရ အခုမှ စတင်ဆောင်ရွက်ရင်တော့ လွယ်လွယ်နဲ့ မဖြစ်နိုင်ဘူးလို့ ဘန်ကောက်မြို့ တက်နိုလို ဖရာ့ကျောမ်း ကလောက်ကျောက်ခွန်း ထဟန်လတ်ကဘန်း တက္ကသိုလ်က ဆက်သွယ်ရေး နည်းပညာနဲ့ အင်ဂျင်နီယာ ဌာနက ပါမောက္ခ ဒေါက်တာ ထဝင် ဖွန့်မားက ပြောပါတယ်။

''အဲဒီလို ဂြိုဟ်တုတွေ လွှတ်တင်ဖို့ ကုလသမဂ္ဂက အိုင်တီယူ ဌာန လျှောက်လွှာတင်ထားတာ အများကြီးဘဲ။ အခုမှ ဂြိုဟ်တု တင်ဖို့ဆိုရင် အာကာသထဲမှာ နေရာရဖို့ မလွယ်ဘူး'' လို့ ဒေါက်တာ ထဝင် ဖွန့်မားက ပြောပါတယ်။

''ဒါကြောင့် အရင် လျှောက်လွှာ တင်ထားတဲ့ တရုတ်တို့၊ ရှရှားတို့ ဂျပန်တို့နဲ့ စပ်တူ ဝယ်ပြီး တင်ဖို့ မြန်မာအစိုးရ စဉ်းစားတာ ဖြစ်နိုင်တယ်'' လို့ သူက ပြောပါတယ်။

နောက်ပြီး ကုန်ကျစရိတ်များတာကြောင့် ပြည်တွင်းမှာ အသုံးပြုမှုနည်းရင် အရင်း ပြန်ရဖို့က မလွယ်တာကြောင့် အသုံးမများရင် ငှါးသုံးတာက ပိုပြီး တွက်ခြေကိုက်တယ်လို့လည်း ဒေါက်တာ ထဝင် ဖွန့်မားက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ဆက်သွယ်ရေး လုပ်ငန်းတွေမှာ တရုတ်နဲ့ ထိုင်းက ဂြိုဟ်တုတွေကိုသာ အသုံးပြုနေတာ ဖြစ်ပါတယ်။ အဲဒီအတွက် တစ်နှစ်ကို ဒေါ်လာ ၁၅ သန်း ကုန်ကျတယ်လို့လည်း သိရပါတယ်။