နိုင်ငံကြီး တစ်ခု ကြားဝင် ပေးဖို့ ကချင် လိုလား

  • 14 ဇွန် 2011

ကချင် ပြည်နယ် မိုးမောက် မြို့နယ်၊ တာပိန် ရေအား လျှပ်စစ် စက်ရုံ အနီးမှာ စနေနေ့က စတင်ပြီး အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် တို့ကြားမှာ တိုက်ပွဲတွေ အပြင်း အထန် ဖြစ်ခဲ့ ပေမဲ့ အင်္ဂါ နေ့မှာတော့ နှစ်ဘက် တိုက်ပွဲမရှိ ဘူးလို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

Image caption ကေအိုင်အေ ဘက်က ခံစစ် အတွက် အသင့်ပြင် ထားတယ်လို့ ဆိုနေ

ဒါပေမဲ့ တင်းမာမှုတွေတော့ မလျော့သေး သလို လုံးဝ အပစ်အခတ် ရပ်စဲရေး အတွက် ကြားဝင် ညှိနှိုင်းမှုတွေက လည်း အခုချိန်ထိ မအောင်မြင် သေး ပါဘူး။

မြန်မာ အစိုးရ စစ်တပ်နဲ့ ကေအိုင်အေ ကြားမှာ စေ့စပ် ညှိနှိုင်းလို့ မရ တဲ့ အဓိက အကြောင်း တစ်ခုကတော့ ဘွမ်ဆဲန် တောင်ကုန်း ကို ကေအိုင်အေ ဘက်က စွန့်လွှတ်ရေးပဲ ဖြစ်ပါတယ်။

အဲဒီ တောင်ကုန်းဟာ ကေအိုင်အေ အတွက် စစ်ရေး မဟာဗျူဟာ အရ အချက်အချာ ကျတဲ့ နေရာ ဖြစ်ပြီး သူတို့ တပ်မဟာတွေ အချင်းချင်း ဆက်သွယ်ရေး အတွက် လည်း အရေး ကြီးတဲ့ နေရာ ဖြစ်နေ ပါတယ်။

အဲဒီ ပြဿနာ ကနေ စတင်ခဲ့တဲ့ လက်ရှိ မတည်ငြိမ်မှုတွေ ပိုမို ဆိုးဝါးလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အထိ ပြန့်နှံ့ မသွားရအောင် နှစ်ဘက် စလုံးက လက်ခံနိုင်တဲ့ တိကျ မှန်ကန်တဲ့ အကျိုး ရလဒ် ပေါ်ထွက် လာစေချင်တယ်လို့ ကေအိုင်အို ဗဟို ကော်မီတီဝင် ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ တင်းမာမှု တွေကို လျှော့ချဖို့နဲ့ တစ်နိုင်ငံလုံး အေးချမ်းဖို့ အတွက် အင်အားကြီး နိုင်ငံ တစ်ခုခုက ကြားဝင် စေ့စပ်ပေးမှ ဖြစ်နိုင် လိမ့်မယ်လို့ ကေအိုင်အို ဘက်က ယုံကြည်တယ် လို့ လည်း ဦးလာနန်းက ပြောပါတယ်။

ဘယ်နိုင်ငံကို ကြားဝင် ညှိနှိုင်း ပေးစေချင်တယ် ဆိုတာ တော့ သူက မပြောပါဘူး။

သူတို့ ဘက်က လိုလားချက်ကို မြန်မာ အစိုးရဆီ အကြောင်းကြားတာ တင်ပြတာတော့ မလုပ်ရသေးဘူးလို့ ဦးလာနန်းက ပြောပါတယ်။