ကချင်မှာ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖျက်ခံရ

  • 15 ဇွန် 2011
KIA
Image caption ကချင်က ဆက်သွယ်ရေး လမ်းကြောင်းတချို့ ဖြတ်တောက် ဖျက်ဆီးခံရ

ပြီးခဲ့တဲ့ အပတ်က ကချင် ပြည်နယ် မိုးမောက် တာပိန် ရေအား လျှပ်စစ် စက်ရုံ ဆောက်လုပ်နေတဲ့ နေရာ တဝိုက်မှာ ကေအိုင်အေနဲ့ အစိုးရ စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အင်္ဂါနေ့မှာ သေနတ် သံတွေ ဆဲသွားပါတယ်။

နေ့ပိုင်းမှာ သေနတ်သံ၊ အမြှောက်သံတွေငြိမ် သွားပြီး ညပိုင်းမှာ ဖောက်ခွဲသံတွေပြန်ကြား ခဲ့ရတယ်လို့ တရုတ် မြန်မာ နယ်စပ် ကနေ သတင်းတွေ ရရှိပါတယ်။

အင်္ဂါနေ့ညမှာ မြစ်ကြီးနား ကနေ ကေအိုင်အေ ဌာနချုပ် ရှိရာ လိုင်ဇာကို လာတဲ့ လမ်းပေါ်မှာ ရှိတဲ့ တံတားတခု ဗုံးခွဲ ဖျက်စီးခံခဲ့ရပြီး ကေအိုင်အေ လက်ချက်လို့ ယူဆနေကြပါတယ်။

ဒီတံတား ဗုံးခွဲ ခံရပြီး နာရီဝက် အကြာမှာ ကချင် ပြည်နယ် မန်စီ မြို့နယ်က နောက် တံတား တခု ထပ်ပြီး ဗုံးခွဲ ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တခါ မြစ်ကြီးနား အဝင် မရမ်းရွာနားမှာ မီးရထား သံလမ်း တခုကို ဗုံးခွဲ ဖျက်စီးမှု တခု ဖြစ်ပွားခဲ့ပါတယ်။

ဒီ ဖျက်ဆီး ခံရတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေဟာ မဟာဗျူဟာ အရ အရေးပါတဲ့ နေရာတွေမှာ ရှိပြီး ကေအိုင်အေ စခန်းရှိရာ နေရာတွေကို အစိုးရဘက်က တပ်တွေ ဝင်ရောက် လာမှာကို အဟန့်အတား ပြုဖို့ စစ်ရေး အရ ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ ဘီဘီစီ သတင်းထောက် ဦးမျိုးသစ်က မှတ်ချက် ပေးပါတယ်။

လိုင်ဇာကို ပေါက်တဲ့ လမ်းပေါ် ရှိတဲ့ မြို့တမြို့ထိ မြစ်ကြီးနား လေယာဉ်ကွင်းနားမှာ အခြေ စိုက်တဲ့ ခလရ ၃၇ က တပ်တွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ဒေသခံတွေဆီက ရရှိပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရဘက်က ဗန်းမော် သင်္ဘောဆိပ်ကို ရှင်းထားပြီး တပ်သားသစ်တွေ ရောက်လာတယ်လို့လည်း သတင်း ရရှိပေမယ့် အတည် မပြုနိုင်သေးပါဘူး။

ခု မငြိမ်သက်မှုတွေ ဖြစ်လာတဲ့ အတွက် တချို့ ဒေသခံတွေဟာ တရုတ် နိုင်ငံထဲ ဝင်ပြေး ကြပြီး တချို့လည်း အနီး တဝိုက်က တိုက်ပွဲ ဖြစ်မနေတဲ့ ဒေသတွေမှာ သွားရှောင် ကြပါတယ်။

တခါ ဗန်းမော်ထောင်၊ မြစ်ကြီးနားထောင်တွေက အကျဉ်းသား တချို့ကိုလည်း ပေါ်တာ အဖြစ် ခေါ်လာတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။