အလုပ်​သမား​ အရေး ဦး​မောင်​မြင့်​ ဆွေးနွေး

  • 15 ဇွန် 2011

မြန်မာအလုပ်သမားအရေး ဆွေးနွေးဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နဲ့ ထိုင်း အလုပ်သမား ဝန်ကြီးတို့ မဟာချိုင်းမြို့မှာ ဒီကနေ့ အလုပ်သမား လက်မှတ် စတင် လုပ်ပေး နေတာကို သွားရောက် လေ့လာခဲ့ပါတယ်။

Image caption မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် အလုပ်သမားလက်မှတ် ထုတ်ပေးတာ စစ်

အလုပ်လုပ် လက်မှတ်မရှိတဲ့ အလုပ်သမား တွေ အားလုံး မှတ်တင်ဖို့ တိုက်တွန်းတယ်၊ သတ်မှတ်ရက် အတွက် မှတ်ပုံမတင်တဲ့ သူတွေကို ဖမ်းဆီးမိရင် ခါတိုင်းလို နယ်စပ်ကို ပို့တာမျိုး မဟုတ်ဘဲ မြန်မာအစိုးရ လက်ထဲကို အပ်ပြီး တရားဝင် အလုပ်သမား အဖြစ် ထိုင်းနိုင်ငံထဲ ပြန်ဝင်လာခွင့်ပြုဖို့ လုပ်မယ်လို့ ထိုင်း အလုပ်သမား ဝန်ကြီးက ပြောပါတယ်။

နိုင်ငံသား စိစစ်ပြီး ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးနေတဲ့ ရုံး ၂ ရုံးကို မဟာချိုင်းမြို့နဲ့ နခေါန်း စဝမ်မြို့တွေမှာ မြန်မာက လာဖွင့်ပေးဖို့ ဆွေးနွေးမယ်၊ ထိုင်းဘက်က ရုံးဖွင့်ပေးဖို့ အဆင်သင့်ပဲလို့ သူက ဆိုပါတယ်။

နိုင်ငံသားစိစစ်ရေးရုံး အသစ်ဖွင့်ဖို့ သူတစ်ဦးတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး၊ သက်ဆိုင်သူတွေနဲ့ တိုင်ပင်ဦးမယ်လို့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။

ဖမ်းပို့တဲ့ အလုပ်သမားတွေကို တရားဝင် လက်ခံမယ့် ကိစ္စကို ဆွေးနွေးတာ မရှိသေးဘူး၊ သန်းနဲ့ချီတဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ဖို့ တစ်လပဲ အချိန်ပေးတာ မပြီးနိုင်ဘူး၊ ဒါကြောင့် နောက်ထပ် ရက်တိုးပေးဖို့ကို အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး ထိုင်းကို တိုက်တွန်းမယ်လို့ မြန်မာ ဒုဝန်ကြီးက ဆိုပါတယ်။

Image caption သတင်းထောက်တွေ မေးသမျှကို စိတ်ရှည် လက်ရှည် ဖြေပေးနေတဲ့ ဒုဝန်ကြီး ဦးမောင်မြင့်

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ အလုပ် သမားတွေဆီက အခွန်ကောက်ခံမယ့် အစီအစဉ် မရှိသေးဘူး၊ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ထား တဲ့ သူတွေကို နယ်စပ်က အဝင်အထွက်အပြင် လေယာဉ်ပျံနဲ့ သွားလာခွင့်ကိုလည်း နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ခွင့်ပြုထားတယ်လို့ ဦးမောင်မြင့်က ပြောပါတယ်။

ယာယီနိုင်ငံကူးလက်မှတ်ကို အပြည်ပြည်ဆိုင်ရာ နိုင်ငံကူးလက်မှတ်လို ထုတ်ပေးဖို့တော့ လောလောဆယ် အစီအစဉ် မရှိသေးဘူး၊ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ သူတွေဟာ ထိုင်းအလုပ်သမားတွေ နည်းတူ ခံစားခွင့် ရှိရမယ်၊ ပြဿနာ တက်လာတယ်ဆိုရင် သံရုံးကလည်း ကူညီဆောင်ရွက်တာတွေကို စတင် လုပ်ဆောင် ပေးနေပြီလို့ မြန်မာ ဒုတိယ ဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။