NDA-K ခေါင်းဆောင်ဟောင်းတွေ အိမ်အကျယ်ချုပ် ခံနေရ

  • 15 ဇွန် 2011
Zahkung Ting Ying
Image caption ဦးဇခုံတိန်ယိန်း ဟာ အမျိုးသား လွှတ်တော် အမတ် အဖြစ်လည်း အရွေးခံထားရ

မြန်မာ အစိုးရတပ်တွေနဲ့ KIA ကချင် လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့တွေ အကြား အခြေအနေတွေ တင်းမာနေချိန် မှာပဲ NDA-K ဒီမိုကရေစီသစ်-တပ်မတော် (ကချင်ပြည်နယ်) ရဲ့ ခေါင်းဆောင်ဟောင်း နှစ်ဦးကို နေအိမ်တွေကနေ အပြင်မထွက်ဖို့ အစိုးရက တားမြစ်လိုက်တယ်လို့ KNG ကချင် သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့် တပ် အသွင် ပြောင်းခဲ့တဲ့ NDA-K ဒီမိုကရေစီသစ်-တပ်မတော် (ကချင်ပြည်နယ်) ရဲ့ ခေါင်းဆောင်ဟောင်းတွေ ဖြစ်တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးဇခုံတိန့်ယန်းနဲ့ NDA-K စစ်ဦးချုပ်ဟောင်း ဦးဝေါ့လောဝ်တို့ကို မြစ်ကြီးနားမြို့မှာ ရှိတဲ့ သူတို့ရဲ့ နေအိမ်တွေကနေ အပြင်မထွက်ဖို့ အစိုးရက တားမြစ်ထားလိုက်တာလို့ ဆိုပါတယ်။

မြန်မာ အစိုးရတပ်တွေနဲ့ KIA တပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်နေရာ နေရာတွေဆီ နယ်ခြားစောင့်တပ် တပ်ရင်း ၃ရင်းကို စေလွှတ်လိုက်အပြီးမှာ သူတို့ နှစ်ဦးကို နေအိမ် အပြင်မထွက်ဖို့ အစိုးရက အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီခေါင်းဆောင် နှစ်ဦးဟာ နယ်ခြားစောင့်တပ်တွေအပေါ် သြဇာ လွှမ်းမိုးနေဆဲ ဖြစ်တာမို့ သူတို့ရဲ့ သြဇာ လွှမ်းမိုးမှု အောက်မှာ KIA ကချင်တပ်တွေနဲ့ နယ်ခြားစောင့် တပ်တွေ ပူးပေါင်း သွားမှာကို အစိုးရက စိုးရိမ်တဲ့အတွက် သူတို့ကို အိမ်ပြင် မထွက်ဖို့ အခုလို တားမြစ်ခဲ့တာလို့ ယူဆရကြောင်း ကချင် သတင်းဌာနက ကိုနော်ဒင်က ပြောပါတယ်။

NDA-K တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်တွေအဖြစ် မပြောင်းလဲခင်က ပြည်ပ ရန်သူက လွဲရင် ပြည်တွင်းစစ်မှာ တိုက်ဖို့ အသုံးမပြုဘူးလို့ မြန်မာ အစိုးရဖက်က ကတိ ပေးခဲ့တာ ဖြစ်ပေမဲ့ အခု ဒီကတိကို ဖျက်ပြီး KIA နဲ့ တိုက်ပွဲ ဖြစ်နေရာ ဒေသတွေဆီ နယ်ခြားစောင့် တပ်တွေကို စေလွှတ်နေတာ ဖြစ်တယ်လို့ ကိုနော်ဒင်က ပြောပါတယ်။

ဗန်းမော် ခရိုင်ဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာတော့ နယ်ခြားစောင့်တပ်တွေ မပါကြောင်း နဲ့ အခုအခါ လိုင်ဇာ ဒေသက အစိုးရ တပ်စခန်းတွေမှာ ရောက်နေပြီ ဖြစ်ကြောင်း ကိုနော်ဒင်က ဘီဘီစီကို ပြောပါတယ်။