HIV ရှိတဲ့ ကလေး ကျောင်းပြန် တက်နိုင်ပြီ

  • 16 ဇွန် 2011

HIV ဗိုင်းရပ်စ် ကူးစက် နေတဲ့ အတွက် ဒဂုံမြို့သစ် တောင်ပိုင်း ၅၇ ရပ်ကွက်မှာ ရှိတဲ့ အစိုးရ မူလတန်းကျောင်း မှာ သုံးရက် ကျောင်းတက်ခဲ့ပြီးမှ ကျောင်းကနေ ထုတ်ပယ် ခံခဲ့ရတဲ့ ကလေး ကို ကျောင်းအုပ်ဆရာမကြီးက ပြန်လည် ကျောင်း တက်ခွင့် ပေးလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption HIV ကူးစက် နေတဲ့ ကလေး တွေကို ခွဲခြား ဆက်ဆံဖို့ မသင့်

တခြား ကလေးတွေနဲ့ ခွဲခြားပြီး သီးသန့် သင်ကြား ပေးမယ်လို့ ဆိုပေမဲ့ အခုတော့ ကျောင်းသားတွေ အားလုံးနဲ့ အတူ သင်ကြားခွင့် ပြုလိုက်တာပါ။

ကျောင်းအုပ် ဆရာမကြီး ကိုယ်တိုင် ကလေးကို ပြန်လည် လက်ခံတဲ့ အကြောင်း သူ့ရဲ့ အုပ်ထိန်းသူ တွေကို လာပြော ခဲ့တာ ဖြစ်ပြီး ကလေးကို သီးသန့် ခွဲခြား စာသင် ပေးမယ် ဆိုတာ ကိုတော့ မိဘ တွေက လက်မခံ ခဲ့ဘူးလို့ HIV ဝေဒနာသည် တွေကို ကူညီ ပေးနေသူ ဦးသိန်းမြင့်ထွန်းက ပြောပါတယ်။

သီးသန့် ခွဲခြားပြီး စာသင် ပေးမယ် ဆိုရင် ကလေးရဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှာ စိုးတဲ့ အတွက် တခြား ကလေး တွေနဲ့ အတူ သင်ကြား ပေးစေ လိုတာ ဖြစ်တယ် လို့လည်း သူက ပြော ပါတယ်။

အလားတူ ဗိုင်းရပ်စ် ကူးစက်နေကြတဲ့ ကျောင်းသူ တစ်ယောက်နဲ့ ကျောင်းသား တစ်ယောက် လည်း ကောင်းမွန်စွာ စာသင်ကြား နေကြပါတယ်။

HIV ဝေဒနာသည် ကလေး တွေဟာ ရောဂါကူးစက် နေတာကြောင့် ကလေးငယ်တွေ ရသင့် ရထိုက်တဲ့ အခွင့် အရေး ဆုံးရှုံးမှု မရှိသင့်ဘူး၊ ကျောင်းနေ အရွယ်မှာ ကျောင်းတက် နိုင်ခွင့် ရှိသင့်တယ်လို့ ဦးသိန်းမြင့်ထွန်းက ပြောပါတယ်။

HIV ဗိုင်းရပ်စ် ကူးစက်နေကြသူ ကလေးတွေဟာ တခြား ကလေးတွေနဲ့ ရောနှော ထားပေမဲ့ ကူးစက် နိုင်ခြင်း မရှိတဲ့ အကြောင်း ဆရာမကြီးကို ပြောပြ ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

ဆရာ ဆရာမ တွေဟာ HIV နဲ့ ပတ်သက်တဲ့ ဗဟုသုတ နည်းပါး နေ သေးတယ်၊ တခြား ကျောင်းတွေ မှာ လည်း အလားတူ အဖြစ် မျိုးတွေ ရှိနိုင် တာကြောင့် ပညာပေးဖို့ လိုအပ်နေတယ်လို့ သူက ပြောပါ တယ်။

အခုတော့ ကျောင်းပြန် တက်ခွင့် ရလို့ ကလေးငယ်နဲ့ သူ့ သူငယ်ချင်းတွေ ပျော်ရွှင် နေကြတယ်လို့ လည်း သိရပါတယ်။