စစ်ဗိုလ်ကို KIA ဖမ်း၊ ကချင်အရေး ဘယ်လိုရှင်းမလဲ

  • 16 ဇွန် 2011

ကချင်ပြည်နယ်တွင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အေ၊ ကချင် လွတ်လပ်ရေးတပ်တို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ ဒေသတွင်း နေထိုင်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတဲ့အပြင် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်ပြည်ကလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ နှစ်ဘက်စလုံးကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption KIA က သိမ်းဆည်းရမိတယ်ဆိုတဲ့ အစိုးရစစ်တပ်က လက်နက်ပစ္စည်းများ

အစိုးရစစ်တပ်နဲ့ ကေအိုင်အေကြား ရင်ဆိုင်မှု နောက်ဆုံး အခြေအနေတွေမှာတော့ KIA က စစ်တပ်က ဗိုလ်တဦးနဲ့ ရဲဘော်နှစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ကေအိုင်အိုက အထွေထွေ အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

KIA တပ်မဟာ ၄၊ တပ်ရင်း ၈ ဧရိယာထဲမှာ ခမရ ၃၂၄ က နမ္မတူဘော်တွင်း စခန်းမှူး ဗိုလ်သီဟနိုင်နဲ့ ရဲဘော်နှစ်ဦးကို လက်နက် နှစ်လက်နဲ့ မိတယ်၊ နောက်ပြီး ရုံးစာရေး၊ စက်ပြင်နဲ့ လက်သမား စုစုပေါင်း ၆ ယောက်ကို ဖမ်းထားပေမယ့် နိုင်ငံတကာ စံနှုန်းတွေ အတိုင်း ကောင်းကောင်း မွန်မွန် ထားတယ်လို့ သူက ဆိုပါတယ်။

နှစ်ဘက်ကြား တိုက်ပွဲတွေက ဇွန်လ ၁၃ ရက် နေ့လယ်က စပြီး ရပ်ဆိုင်းသွားပေမယ့် KIA က လိုအပ်တဲ့ နေရာမှာ အစီအမံတွေ လုပ်နေသလို၊ အစိုးရဘက်က လှုပ်ရှားမှုတွေ ဆက်လုပ်လာရင်တော့ ထိပ်တိုက် တွေ့နိုင်တယ်၊ တိုက်ပွဲတွေ ရပ်သွားပြီလို့တော့ မပြောနိုင်ပါဘူးလို့ ဦးလာနန်းက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်ခဲ့လို့ တိုင်းရင်းသား ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိလာနေတဲ့အပေါ် ကချင်ပြည်နယ် အစိုးရအနေနဲ့တော့ ဆောင်ရွက်စရာ ရှိတာကို မကြာခင် စီစဉ် ဆောင်ရွက်မယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ထဲက စက်မှုဝန်ကြီး ဖြစ်တဲ့ SNDP အမတ် ဦးစိုင်းမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ပြည်သူ့ကိုယ်စားလှယ်အနေနဲ့ ပြည်သူတွေ ခံစားနေရတာကို သိတယ်၊ မြစ်ကြီးနား ဒေသခံတွေ မပျော်ဘူး၊ စိတ်ပူနေတယ်၊ အောက်က တကယ့် အခြေအနေတွေကို အထက်ကို မတင်ပြကြဘူး၊ သူတို့ ကချင်ပြည်နယ် အစိုးရ အနေနဲ့တော့ တခုခု ညှိနှိုင်း ဆောင်ရွက်ဖို့ ကြိုးပမ်းမယ်လို့ ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

ဒီကိစ္စဟာ စစ်ရေးဆိုင်ရာ ကိစ္စဖြစ်လို့ အရေးပေါ် လွှတ်တော်ခေါ်ပြီး ဆွေးနွေး ပြောဆို နိုင်မလား ဆိုတာကိုတော့ နှစ်ဘက် အသံတွေကို နားထောင်ပြီးမှ ဆောင်ရွက် စရာရှိတာ ဆောင်ရွက်မယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီ ဒုတိယဥက္ကဌ အခု နေပြည်တော် ရောက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်ဆီက ပြောပါတယ်။

နှစ်ဘက်စလုံးရဲ့ သဘောထားက ပိုအရေးကြီးတယ်၊ နှစ်ဘက် လက်မခံဘဲ လုပ်ရင် အလကားပဲ၊ လိုအပ်လာရင်တော့ ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ် ဆွေးနွေး ပေးလို့ ရတယ်၊ သက်ဆိုင်ရာ လူထုတွေက တရားဝင် အကြောင်းကြား လာရင်တော့ လွှတ်တော်မှာ အကန့်အသတ် မရှိပါဘူး၊ ဆွေးနွေး ပြောဆို နိုင်ပါတယ်လို့ သူက ပြောပါတယ်။