နိုင်ငံရေး အကျဉ်းသား လွတ်ရေး လှုပ်ရှားကြ

ရန်ကုန် အပါအဝင် နယ်မြို့နယ် ၂၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဇွန်လ ၁၆ ရက်နေ့က ပုံစံ မျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ဝတ်ပြုဆုတောင်းတာ၊ လက်မှတ် ရေးထိုးပြီး သမ္မတ ဦးသိန်းစိန်ဆီ ပို့တာအပြင်၊ ဒီလှုပ်ရှားမှု တွေမှာ ပူးပေါင်း ပါဝင်ဖို့ လူထု ဆီကို စာပို့တာ စတဲ့ နည်းတွေ ဖြစ်ပါတယ်။

Image caption နိုင်ငံ တဝန်းမှာ နိုင်ငံရေး အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ လှုပ်ရှား နေကြ

မန္တလေးမြို့က နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုတွေနဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေက မဟာ မြတ်မုနိ ဘုရားမှာ ဝတ်ပြု ဆုတောင်းပြီး လက်မှတ်စုဆောင်း မှုတွေ ခဲ့ပြီး သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့မယ့် လှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာမှာ လည်း အလားတူ အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်တွေစုဆောင်းပြီး ဦးသိန်းစိန် အစိုးရဆီကိုပို့ခဲ့ တယ်လို့ ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့သူ ဒေါ်နော်အုံးလှက ပြောပါတယ်။

မိတ္ထိလာ၊ တောင်သာ၊ ဝမ်းတွင်း၊ မလှိုင် စတဲ့ ၁၀ မြို့နယ်က အင်အားစုတွေ ကလည်း မိတ္ထိလာက ဖေါင်တော်ဦး ဘုရားမှာ ဝတ်ပြု ဆုတောင်းခဲ့ ကြပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် တို့မှာလည်း အလားတူ ဆောင်ရွက် ခဲ့ကြပါတယ်။

နောက်ထပ် လှုပ်ရှားမှု တစ်ခု အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်းပုံပါတဲ့ ပိုစတာတွေ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုမှာ ပြည်သူအားလုံး ပူးပေါင်းဖို့ နှိုးဆော်စာ တွေကို မြောက်ဥက္ကလာ၊ စမ်းချောင်း နဲ့ မြေနီကုန်း တဝိုက်မှာ ဖြန့်ဝေခဲ့တယ်လို့ အဲဒီ လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တစ်ယောက်က ဘီဘီစီကို ပြော ပါတယ်။ စာအိတ်ရေ (၁၅၀ဝ) ကို လိပ်စာတပ်ပြီး စာတိုက်ကနေ ပို့တယ်၊ စာကပ်တာက အရွက် (၂၀ဝ) လောက် ရှိတယ်လို့ အဲဒီ လူငယ်က ပြောပါတယ်။

ဗိုလ်ချုပ်ပုံ ပါတဲ့ လက်ကမ်း စာစောင် တစ်ထောင်ကိုလည်း ဖြန့်ဝေ ခဲ့တယ်လို့ သူက ဆို ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ၈၈ ကျောင်းသားများ အဖွဲ့နဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ စတဲ့ အဖွဲ့ပေါင်း ဆယ်ဖွဲ့ က ဥပုသ်နေ့တိုင်း မိမိတို့ မြို့နယ် အသီးသီးက ဘုရားတွေမှာ ဝတ်ပြု ဆုတောင်းကြဖို့ ဗုဒ္ဓဟူးနေ့က ဆော်သြ ပြီးတဲ့နောက်မှာ အခုလို လှုပ်ရှားမှုတွေ နိုင်ငံနဲ့ အဝန်း ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ မလွတ် မချင်း လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ဆက်တိုက် လုပ်ဆောင် သွားမယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူ တွေက ပြောကြပါတယ်။