ကေအိုင်အေ ကို အစိုးရဘက်က ကမ်းလှမ်း

  • 17 ဇွန် 2011

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ဆီးဆပ် ကျေးရွာအနီး ကေအိုင်အေ တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၅)က တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ (၁၄၁) နဲ့ ခလရ (၁၄၂) ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် တွေ ကြားမှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။

Image caption တိုက်ပွဲကြီးတွေ မဖြစ်ပေမဲ့ နှစ်ဘက် ထိတွေ့မှုတွေ တော့ ရှိနေ

အစိုးရစစ်တပ် ဘက်က တပ်သား ၅ ယောက် သေဆုံးပြီး ကေအိုင်အေ ဘက်ကတော့ အထိအခိုက် မရှိဘူးလို့ ကေအိုင်အေက ပြောပါတယ်။ ဒီသတင်း နဲ့ ပတ်သက်လို့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကြာသပတေး ညကလည်း ကချင်ပြည်နယ် တနိုင်း မြို့နယ် အတွင်းက ယုဇန စိုက်ကွင်းများ အနီး ဒွန်ဘုံး တံတားမှာ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် အစိုးရ စစ်တပ် ခမရ (၂၉၇)မှ တပ်ရင်းမှူး အပါအဝင် (၁ဝ) ယောက် သေဆုံး ခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

အဲဒီ တံတား နေရာဟာ လွန်ခဲ့တဲ့ (၂) ရက်လောက် ကတည်းက ကေအိုင်အေက ဗုံးခွဲ ချိုးဖျက်ထားတဲ့နေရာဖြစ်ပါတယ်။

အစိုးရ စစ်တပ် တပ်ရင်းမှူး ကိုယ်တိုင် ဦးစီးပြီး တံတား ပျက်စီးမှု အခြေ အနေကို လာရောက် စစ်ဆေးတုန်း ထိခိုက် ကျဆုံး ခဲ့တာလို့ ဆိုပါတယ်။

ကချင် ပြည်နယ် အတွင်းမှာ ကေအိုင်အေနဲ့ အစိုးရ စစ်တပ်တို့ ကြားမှာ တိုက်ပွဲ ကြီးကြီး မားမား မရှိပေမဲ့ နှစ်ဘက် ထိတွေ့မှု တွေကတော့ ဆက်ရှိ နေတယ်လို့ သိရ ပါတယ်။

အပစ် ရပ်ရေး ကမ်းလှမ်းလာ

Image caption တိုက်ပွဲတွေ ဖြစ်ရင် ဒေသခံတွေ နစ်နာလို့ အပစ်ရပ်ဖို့ အစိုးရ ကမ်းလှမ်း

ပြည်ထောင်စု ကြံ့ခိုင် ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကချင်ပြည်နယ် တာဝန်ခံက ကချင်ပြည်နယ် အစိုးရ အပါအဝင် ကချင် အတိုင်ပင်ခံ အဖွဲ့ဝင် လူကြီးတွေနဲ့ တွေ့ဆုံပြီး အပစ် အခတ် ခတ်ရပ်စဲဖို့နဲ့ ဆက်သွယ်ရေး ရုံးတွေ ပြန်ဖွင့်ဖို့ ကမ်းလှမ်း ချက်ကို ကချင် အတိုင်ပင်ခံ အဖွဲ့ဝင်လူကြီးတွေက တဆင့် ကေအိုင်အို ဘက်ကို ကမ်းလှမ်းခဲ့ ပါတယ်။

အဲဒီ အဖွဲ့ဝင် လေးယောက်နဲ့ တွေ့ဆုံပြီး ကေအိုင်အို ဘက်က အရင် အစိုးရနဲ့ သဘောတူ ထားခဲ့တဲ့ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက်ဟာ အခု အရပ်သား အစိုးရသစ် တက်လာလို့ ပျက်ပြယ် သွားပြီဖြစ်ကြောင်းနဲ့ အစိုးရ ဘက်က အပစ်ရပ်တယ် ဆိုရင် သူတို့ တပ် အချင်းချင်း ပေးပို့ထားတဲ့ ညွှန်ကြားစာ သို့မဟုတ် ကြေးနန်းစာ တွေကို အထောက် အထားအနေနဲ့ မြင်လိုတယ်လို့ စကားပါးလိုက် တဲ့ အကြောင်း ကေအိုင်အို ဘက်က ပြောပါတယ်။

တရုတ်နဲ့ အမေရိကန်တို့က ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ် နှစ်ဘက် စလုံးကို ထိန်းထိန်း သိမ်းသိမ်း ရှိကြဖို့ သတိပေးမှု ပေါ်ထွက်လာခဲ့ အပြီး နောက်တစ်နေ့မှာ မြန်မာ အစိုးရ ဘက်က အခုလို ကမ်းလှမ်း လာတာလည်း ဖြစ်ပါတယ်။

နှစ်ဘက် စစ်တပ်တွေ အခြေချ တပ်စွဲထားရာ နေရာ ဝန်းကျင်မှာ ရှိတဲ့ ဒေသခံတွေ ကတော့ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကို စိုးရိမ်ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြ ပါတယ်။

အခုဆိုရင် စုစုပေါင်း အိုးအိမ် စွန့်ခွာ ခဲ့ကြသူပေါင်း တစ်သောင်းကျော် ရှိသွားပြီလို့ သတင်းတွေ ထွက်နေ ပါတယ်။