ငြိမ်းချမ်းရေး ကို ကန့်ကွက်သူတွေ က အများစုဖြစ်နေ

  • 17 ဇွန် 2011
parliament ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော်ကိုယ်စားလည် အများစု က ငြိမ်းချမ်းရေး ကို မလိုလား

ကချင် ပြည်နယ် ဖက်မှာ ကေအိုင်အေ တပ်ဖွဲ့ တွေနဲ့ မြန်မာ အစိုးရ စစ်တပ် အကြား တိုက်ပွဲ တွေ ဖြစ်နေတာ နဲ့ ပတ်သက်ပြီး နိုင်ငံ ငြိမ်းချမ်းရေး အတွက် တဖက်နဲ့ တဖက် နားလည် သဘောပေါက် ကြဖို့ နဲ့ တဖက်နဲ့ တဖက် သတ်ဖြတ် တိုက်ခိုက် နေကြမှု တွေ ကို မလိုလား ကြောင်း ငြိမ်းချမ်းရေး ကို တောင်း ဆို ခဲ့ ကြတဲ့ နိုင်ငံရေး ပါတီ ၁၁ ပါတီ အဖွဲ့ က လွှတ်တော် ကိုယ်စားလည် တဦး က ပြောပါတယ်။

ချင်းအမျိုးသား ပါတီ ရဲ့ ဥက္ကဌ ဦးဇိုဇမ် က တကယ် ငြိမ်းချမ်းရေး ရအောင် သူတို့ အနေနဲ့ ဘယ်နိုင်ငံရေး ပါတီ နဲ့ မဆို ဒီ အရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

ငြိမ်းချမ်းရေး အတွက် အရေးတကြီး ဆွေးနွေးကြဖို့ အရေးပေါ် လွှတ်တော်ခေါ်သင့်တယ် ဆိုတာ လက်ခံပေမယ့် လည်း သူတို့ အနေနဲ့ အဲဒီလို ခေါ်ဖို့ တောင်းဆို နိုင်တဲ့ အင်အား မရှိကြောင်း သူ က ပြောပါတယ်။

ချင်းအမျိုးသား ပါတီ အပါ အဝင် နိုင်ငံရေး ပါတီ ၁၁ ဖွဲ့ ဟာ ပြည်တွင်း ငြိမ်းချမ်းရေး နဲ့ နိုင်ငံရေး အကျဉ်းသား များအားလုံး လွှတ်ပေးရေး အတွက် သဘောထား ထုတ်ပြန် ကြေညာချက် ထုတ် ကာ တောင်းဆိုခဲ့ ပါတယ်။

လွှတ်တော် ကျင်းပ နေစဉ် အချိန် ကာလတွင်း ကလည်း သူတို့ အနေနဲ့ စုပေါင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အဆို ကို တင်ခဲ့တဲ့ အကြောင်း နဲ့ ငြိမ်းချမ်းရေး အဆို ကို ဆွေးနွေးကြဖို့ ထောက်ခံ တဲ့ ဘက် က ထောက်ခံမဲ ၅၃ မဲ သာရခဲ့ပြီး အများစု လွှတ်တော် ကိုယ်စားလည် တွေ က ငြိမ်းချမ်းရေး အဆို ကို ကန့်ကွက်ခဲ့ ကြောင်း သူ က ပြောပြ ပါတယ်။

မြန်မာပြည်သူ လူထုအနေနဲ့ ငြိမ်းချမ်းရေး ကို လိုချင်ကြမှာ မလွဲဧကန် ဖြစ်ပေမယ့် လွှတ်တော် အတွင်း ပြည်သူ့ ကိုယ်စားလည် ဆိုသူ တွေ က ငြိမ်းချမ်းရေး အကြောင်း မဆွေးနွေးချင်တာ၊ ငြိမ်းချမ်းရေး ကို မလိုချင် တာ စတဲ့ သဘောထား တွေ ဖြစ်နေတာ ဟာ ပြည်သူတွေရဲ့ ဆန္ဒ ကို ပြည်သူ့ ကိုယ်စားလည် တွေ က လုပ်နေတာ ဟုတ်ပါ လေစ လို့ စောကြော စရာ ဖြစ်နေပါတယ်။