Prospects Burma ရဲ့ ဒေါ်စု မွေးနေ့ပွဲ

  • 17 ဇွန် 2011
aung san suu kyi ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာပြည် ရဲ့ ပညာရေး နဲ့ ကျန်းမာရေး တွက် အကူ အညီ တွေ လိုအပ် လို့ ဆို

ဒေသစံတော်ချိန် ကြာသပတေး ည ပိုင်း က လန်ဒန် မှာ Prospects Burma အဖွဲ့ ရဲ့ ရံပုံငွေ ရှာဖွေပွဲ နဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ မွေးနေ့ ပွဲကို ကြိုတင် ကျင်းပ ပြုလုပ် ခဲ့ကြ ပါတယ်။

Prospects Burma အဖွဲ့ ဟာ မြန်မာနိုင်ငံ က လူငယ် တွေ ကို နိုင်ငံရပ်ခြား တက္ကသိုလ် တွေမှာ ပညာသင်နိုင်အောင် ပညာသင်စားရိတ် ထောက်ပံ့ကာ ကူညီ တဲ့ အဖွဲ့ ဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည် ငြိမ်းချမ်းရေး နိုဗဲလ် ဆုကြေးငွေ ကို အရင်းပြု မတည်ပြီး ရံပုံငွေထူထောင်ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အဖွဲ့ စတင်တည်ထောင်ချိန် ကတည်း က အခု အချိန် ထိ မြန်မာပြည် က လူငယ် ပေါင်း ၁၅၀၀ ကျော် ကို ပညာသင်စားရိတ် ထောက်ပံ့ နိုင်ခဲ့တဲ့ အဖွဲ့ လည်း ဖြစ်ပါ တယ်။

အဖွဲ့ ရဲ့ လက်ရှိ ဥက္ကဌ တာဝန်ယူထားတဲ့ ဗြိတိန် သံ အမတ် ဟောင်း မာတင် မော်လန် က ဒီနှစ် မှာ တော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့ နဲ့ Prospects Burma ရဲ့ အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အကျဉ်းကျ မခံရ ပဲ လွတ်မြောက် နေချိန် မှာ ကျင်းပခွင့် ရ တဲ့ အတွက် ဒီနှစ် ထူးခြား ပြီး အားလုံး က ပိုမို ဝမ်းမြောက် ရကြောင်း ပြော ပါတယ်။

ဒီပွဲ ကို လူ ၂၀၀ နီးပါး တက်ရောက် ကြပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီပွဲ အတွက် အမှာစကား ကို ပါးခဲ့ပါတယ်။

သူက မြန်မာပြည်မှာ ပညာရေး ကျန်းမာရေး တွေ အတွက် အကူအညီ များစွာ လိုနေ သေး ကြောင်း ထောက်ပြ ပြောဆို ခဲ့ပါတယ်။

ဒီ အခမ်း အနား ကို Prospects Burma ရဲ့ စကောလားရှစ် နဲ့ ကျောင်း ဆင်း ခဲ့တဲ့ သူ တချို့ လည်း တက်ရောက် ခဲ့ ပါတယ်။ သူတို့ထဲမှာ ဆရာဝန် ဘွဲ့ ကို အာမေးနီးယား နိုင်ငံ ရဲ့ တက္ကသိုလ် တခု က နေ ရယူနိုင်ခဲ့ တဲ့ ဒေါက်တာ စာစာ လည်း အပါအဝင် ပါ။

ချင်း လူမျိုး ဖြစ်တဲ့ သူက ကျောင်းဆင်း ခဲ့တဲ့ ၂၀၀၉ ခုနှစ် ကတည်း က အိန္ဒိယ မြန်မာ နယ်စပ် ကို ပြန်ပြီး ချင်းပြည် နယ် အတွက် ကျန်းမာရေး ကိစ္စ တွေကို လုပ်ဆောင် ခဲ့တဲ့ သူပါ။

သင်တန်းတွေဖွင့်လှစ်ပြီး ချင်းပြည် နယ် ထဲက ကျေးရွာပေါင်း ၁၅၀ ကျော် အတွက် ကျန်းမာ ရေး လုပ်သားပေါင်း ၃၀၀ ကျော် ကို သူ မွေးထုတ် နိုင်ခဲ့ ပါတယ်။

ဒေါက်တာ စာ စာ က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ ကိုချစ်စိတ် နဲ့ မလျော့တမ်း တာဝန်တွေ ထမ်းနေမှု ကို အားကျ ပြီး သူ့လို စွမ်းဆောင် နိုင်အောင် အမြဲ စိတ်ထား တယ် လို့ ဆိုပါ တယ်။

အခု Prospects Burma ရဲ့ ပွဲမှာ ရံပုံငွေ အတွက် မြန်မာပြည်နဲ့ ပတ်သက်တဲ့ ပန်းချီ တွေ ဓာတ်ပုံ တွေ၊ ဒေါ်အောင်ဆန်းစုကြည် ပေးပို့ လိုက်တဲ့ မြန်မာ လုံချည်လေး တထည် စတာ တွေ အပြင် ခရီးသွားဖို့ အခွင့်အလမ်း တွေ ကို လည်း စျေးပြိုင် စနစ် နဲ့ ရောင်းချ ခဲ့ကြလို့ တက်ရောက် လာသူများ က စိတ်ဝင်တစား အားပေး ကြတယ် လို့ လည်း သိရပါတယ်။