နယ်ခြားစောင့်တပ်တွေ DKBA အဖြစ် ပြန်ခံယူ

  • 18 ဇွန် 2011
ဓာတ်ပုံ မူပိုင် afp
Image caption ဆရာတော်ဦးသုဇနရဲ့ အမိန့်နဲ့ ဒီကေဘီအေ အဖြစ် ပြန်ခံယူ

ကရင်ပြည်နယ်၊ မြိုင်ကြီးငူ ဒေသမှာ ကရင် နယ်ခြားစောင့်တပ် အဖြစ် လက်ခံခဲ့တဲ့ ဒီကေဘီကေ တပ်ရင်း ၄ ရင်း ဟာ၊ ဒီကေဘီအေ တပ်ဖွဲ့တွေအဖြစ် ပြည်လည် ခံယူပြီး၊ မြိုင်ကြီးငူဒေသကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။

ဒီတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့ကြတဲ့ ဒီကေဘီအေတွေ ဖြစ်ကြပါတယ်။

အဲဒီ အတွက်ကြောင့် အစိုးရရဲ့တပ်မ ၄၄ လက်အောက်ခံ တပ်တွေက အဲဒီဒေသကို ပြန်သိမ်းယူဖို့ မြိုင်ကြီးငူ ဘက်ကို သွားနေကြပြီ ဖြစ်လို့ တိုက်ပွဲတွေ ဖြစ်မယ့် အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။

အခုဆိုရင် အစိုးရတပ်ဖွဲ့တွေဟာ လှိုင်းဘွဲဒေသအထိ ရောက်ရှိလာနေကြပြီလို့ အဲဒီက ဒေသခံတွေက ဘီဘီစီကို ပြောပြပါတယ်။

ဒီကေဘီအေတွေကို ဦးဆောင်မှုပေးနေတယ်လို့ လူသိများတဲ့၊ ဆရာတော်ဦးသုဇနရဲ့ အမိန့်နဲ့ အဲဒီနယ်ခြားစောင့်တပ်တွေက ဒီကေဘီအေ ပြန်လုပ်လိုက်တာလို့၊ ဒီကေဘီအေနဲ့ နီးစပ်တဲ့ သူတွေက ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က တခြား ဒီကေဘီအေ ခေါင်ဆောင်ဟောင်း တဦးဖြစ်သူ ဗိုလ်ချစ်သူကို မြိုင်ကြီးငူ လွှတ်ပြီး၊ ဆရာတော်ကို ဖျောင်းဖျခိုင်းတာလည်း မအောင်မမြင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ကိုယ်တိုင် ဘားအံက ကရင်ပြည်နယ် ဝန်ကြီးချုပ် ဆီသွားပြီး၊ နယ်ခြားစောင့်တပ်တွေ အားလုံးကို ဒီကေဘီအေ အဖြစ် ပြန်လည် ရပ်တည်ခွင့်ပေးဖို့နဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ဒီကေဘီအေတွေကို အစိုးရက လိုက်လံတိုက်ခိုက် နေတာတွေ ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ရာ အစိုးရဘက်က လက်မခံဘူးလို့ သိရပါတယ်။

အာဏာပိုင်တွေဘက်က ဆရာတော်ကို ပြန်လျှောက်ထားတာ ကတော့ ဒီနေ့ ဇွန်လ ၁၈ ရက် နေ့ နောက်ဆုံးထားပြီး၊ ဒီကေဘီအေ စစ်ဝတ်စုံဝတ်ထားတဲ့ နယ်ခြားစောင့် တပ်ရင်း ၄ ရင်း ဟာ ပုံမှန်အတိုင်း ပြန်နေရမယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဘီဘီစီသတင်းထောက်ကို အောင်ကျော်ဦး သတင်းပေးပို့သည်။