ကချင်က စတိုက်လို့ ပြန်တိုက်ရတာလို့ အစိုးရက ပြော

  • 18 ဇွန် 2011
gunmaw
Image caption အစိုးရဖက်က အပစ်ရပ်ကြောင်း တကယ်တမ်း ပြနိုင်ဖို့ လိုတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်ပြော

ကချင်ပြည်နယ်တွင်းမှာ KIA ကချင် လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရ တပ်တွေအကြား တိုက်ပွဲတွေ ဟာ KIA တို့ဖက်က စတိုက်ခဲ့တဲ့ အတွက် ဖြစ်ခဲ့ရတာလို့ စနေနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ဖေါ်ပြထားပါတယ်။

ဒါဟာ KIA နဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အပေါ် အစိုးရဖက်ကနေ ပထမဆုံးအကြိမ် သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရ တပ်တွေအနေနဲ့ တာပိန် ရေအား လျှပ်စစ် စီမံကိန်းကို ကာကွယ် စောင့်ရှောက်ဖို့ ရည်ရွယ်ချက် တခုတည်းနဲ့ KIA တပ်တွေကို မလွှဲမရှောင်သာ တိုက်ရတာ ဖြစ်ကြောင်းနဲ့ တခြား ရန်လို ဖိနှိပ် တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့လည်း ဖေါ်ပြထားပါတယ်။

KIA ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ ရေအား လျှပ်စစ်စီမံကိန်းရဲ့ လုံခြုံရေးကို အစိုးရနဲ့ KIA နှစ်ဖက် အကြား ညှိနှိုင်း ဆောင်ရွက်ဖို့ အရင်ကတည်းက သဘောတူ ထားခဲ့ပြီး ဖြစ်တာမို့ အခုကျမှ လုံခြုံရေး ကိစ္စ အကြောင်းပြပြီး အဲဒီဒေသက KIA တပ်စခန်းကို ရုတ်သိမ်းခိုင်းတာကို နားမလည်နိုင်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရဖက်က ငြိမ်းချမ်းရေး တံခါး ဖွင့်ထားပါတယ်လို့ ပြောနေပေမဲ့ အစိုးရ တပ်တွေကို ဆုတ်ခွာပေးတဲ့ သက်သေ အထောက်အထား တကယ်တမ်း မတွေ့ရမချင်း ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးလို့လည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

လတ်တလောမှာ နှစ်ဖက်အကြား ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားတာမျိုး မရှိခဲ့ပေမဲ့ တိုက်ပွဲငယ်လေးတွေ၊ ပစ်ခတ် ဖေါက်ခွဲမှု ငယ်လေးတွေတော့ ခုချိန်ထိ ဆက်လက် ဖြစ်ပွား နေဆဲပါ။

စနေနေ့ မနက် ၁၁ နာရီခွဲလောက်က ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်းက ပန်ဒန်းရွာနား မှာ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၅) က တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ (၁၄၁) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ အစိုးရဖက်က အထိအခိုက် အသေအပျောက် ရှိခဲ့တယ်လို့ KIA ဖက်က ပြောပါတယ်။

အထိအခိုက် စာရင်းနဲ့ ပတ်သက်လို့တော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။