လူထု​ကြောက်​နေ​တယ် ဖြည်း​ဖြည်းလုပ်မယ်

  • 21 ဇွန် 2011

ဘီဘီစီ ရေဒီယို ဖိုး အစီအစဉ်က နှစ်စဉ်တင်ဆက် နေကြ ကမ္ဘာ့ခေါင်းဆောင်တွေ၊ နယ်ပယ် အသီးသီးက ထင်ရှားသူတွေရဲ့ ရေဒီယိုကနေ တဆင့် ပို့ချတဲ့ Reith Lecture လို့ ခေါ်တဲ့ အစီအစဉ်မှာ ဒီနှစ်တော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပို့ချချက် နှစ်ခုကို ပို့ချပေးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်သူ့အခြေအနေမှန်ကို သိထားတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စု

ဒီပို့ချချက်တွေအတွက် ဘီဘီစီက ရန်ကုန်လာပြီး ရိုက်ကူးခဲ့ပါတယ်။ ဒီအဖွဲ့မှာ ဘီဘီစီ ကမ္ဘာ့ သတင်း အယ်ဒီတာ ဂျွန် ဆင်ပဆင်လည်း ပါလာပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ အိမ်မှာ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အိမ်ပေါက်ဝကနေ ခြံဝင်းထဲကို ဂျွန် ဆင်ပဆင်နဲ့ အတူထွက်လာ တာမှာ မြန်မာအင်္ကျီ အဝါရောင် လက်ရှည်ကို ဝတ်ထားပြီး အဝါရောင် နှင်းဆီပန်း သုံးပွင့်ကို ခေါင်းရဲ့ညာဘက်မှာ ပန်ထားပါတယ်။

ဂျွန် ဆင်ပဆင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ နိုင်ငံရေး လှုပ်ရှားနေတာတွေကို လူတွေက အားရပုံမရဘူး၊ လမ်းပေါ်ထွက် မြိုင်မြိုင်ဆိုင်ဆိုင် စည်းရုံးလှုပ်ရှား သင့်တယ်လို့ မေးပြော ပြောလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က သူ ဒါကို စဉ်းစားမိတဲ့ အကြောင်း၊ လူတွေ ပြောဆိုကြတာကိုလည်း သူသိတဲ့ အကြောင်းနဲ့ နိုင်ငံရေးမှာက နည်းလမ်းတခုတည်း ပဲ ရှိတာမျိုး မဟုတ်ပါဘူးလို့ ပြန်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျွန် ဆင်ပဆင်နဲ့တွေ့ဆုံရာမှာ အနည်းငယ် ပင်ပန်းနွမ်းနယ် နေပုံရပေမယ့် မေးတာကို သေချာနားထောင်ပြီး ပြတ်ပြတ် သားသား အဖြေပေး ပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ လူထုလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဂျွန်ဆင်ပဆင်က မေးခဲ့သလို ဒေါ်စုကလည်း ဟိုမှာ အာဏာရှင်တွေကို ဖြုတ်ချ နိုင်ခဲ့တယ် ဆိုတာ စစ်တပ်က လူထုကို ပစ်သတ်တာမျိုး မရှိဘူး၊ ဒီမှာက သတ်မှာလို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက လူထုဟာ လုံခြုံတယ်လို့ မခံစားရဘဲ ကြောက်နေကြတယ်၊ ကြောက်တာဟာ အဆိုးဝါးဆုံး ကိစ္စဖြစ်တယ်၊ မလုံခြုံမှုကို ခံစားရတဲ့အခါ ထိတ်လန့် စိုးရွံ့နေကြရတယ်။ ဒါကြောင့် လူထုဟာ ဖိနှိပ်ခံထားရသလို ဖြစ်နေတယ်လို့ တကယ့်လူထု ခံစားချက်ကို ခံစားမှုအပြည့်နဲ့ အေးအေးဆေးဆေး သုံးသပ်ပြောဆိုပါတယ်။

ဘီဘီစီ ကမ္ဘာ့သတင်းအယ်ဒီတာ ဂျွန် ဆင်ပဆင်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့မေးခဲ့သလို Reith ပို့ချမှုတွေမှာ ပြောခဲ့တာတွေကို ကောက်ယူ သုံးသပ်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းဖက် လူထုလှုပ်ရှားမှုနဲ့ အစိုးရကို ရင်ဆိုင်တာထက် အချိန်ယူ ပြင်ဆင်ပြီးမှ လှုပ်ရှားသွားမယ့် သဘောရှိတယ်လို့ စောကြောမိကြောင်း သုံးသပ် ပြောဆို ပါတယ်။

Reith လက်ချာတွေကို လာမယ့် ဇွန်လ ၂၈ ရက် နဲ့ ဇူလိုင် ၅ ရက် အင်္ဂါနေ့ မနက်တွေမှာ ဘီဘီစီ ရေဒီယို ဖိုးကနေ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။