ပြန်​တိုက်​နိုင်​ဖို့ DKBA အသင့်​ပြင်

  • 20 ဇွန် 2011

ကရင်ပြည်နယ်၊ မြိုင်ကြီးငူအခြေစိုက် ကရင်နယ်ခြားစောင့်တပ်တွေဟာ ဒီကေဘီအေအဖြစ် အသွင်ပြောင်းလိုက်ကြလို့ အစိုးရစစ်တပ်တွေက မြိုင်ကြီးငူ ဒေသကို ပြန်ထိန်းချုပ်ဖို့အတွက် ပြင်ဆင်လာတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption အစိုးရတပ်လာချလို့ကတော့ ပြန်တိုက်ဖို့ အသင့်ပဲလို့ ဆိုတဲ့ DKBA

ဒီကေဘီအေတဖြစ်လဲ နယ်ခြားစောင့်တပ်တွေ ကလည်း ကေအင်ယူနဲ့ပေါင်းပြီး အစိုးရတပ် တွေကို ပြန်တိုက်ဖို့ ပြင်ထားတယ်လို့ ဒီကေဘီအေ တပ်မှူးတယောက်က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်က တပ်မ ၄၄ လက်အောက်ခံ တပ်တွေ တက်သွားတာ အခု မြိုင်ကြီးငူနားကို ရောက်နေလို့လည်း နောက်ဆုံး သတင်းတွေအရ သိရပါတယ်။ ကေအင်ယူနဲ့ ပူးပေါင်းပြီးတော့ အစိုးရတပ်တွေကို ပြန်တိုက်ဖို့ ပြင်ဆင်ထား တယ်လို့ ဒီကေဘီအေ ဗိုလ်မှူးကျော်သက်က ပြောပါတယ်။

ထိုးစစ်ဆင်လာရင်တော့ ကျွန်တော်တို့လည်း ခုခံတိုက်ခိုက်မှာပဲ၊ ကေအင်ယူ တပ်မဟာ ၇ နဲ့ တပ်မဟာ ၁ လည်း ပါတယ်။ ကျွန်တော်တို့ ဒီကေဘီအေက အင်အား ၁၀၀၀ ကျော် ပါတယ် လို့ သူက ဆိုပါတယ်။

အစိုးရတပ်တွေက မြိုင်ကြီးငူဒေသကို ပြန်သိမ်းယူနိုင်ဖို့ တက်သွားတဲ့အချိန်မှာ ကော့ကရိတ်မြို့အထွက် ရန်ကုတ်ရွာအနားမှာ ဒီကေဘီအေနဲ့ အစိုးရတပ် တွေ့ဆုံ တိုက်ပွဲ ဖြစ်ရာမှာ ဒီကေဘီအေက မြန်မာတပ်က ဗိုလ်ကြီးတယောက်ကို လက်ရဖမ်းဆီးရမိပေမဲ့ သူ့ရဲ့ ပစ္စတိုသေနတ်နဲ့ ရေဒီယို စကားပြောစက်ကိုသာ သိမ်းယူပြီး လူကိုတော့ ပြန်လွှတ် ပေးလိုက်တယ်လို့ ဒီကေဘီအေ ဗိုလ်မှူးကျော်သက်က ပြောပါတယ်။