ဝတပ်က ပြည်တွင်းစစ်အန္တရာယ် သတိပေး

  • 20 ဇွန် 2011
UWSA
Image caption UWSA ၀တပ်သားများ

တိုင်းရင်းသား ဒေသတွေမှာ အစိုးရတပ် တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ် တွေကြားဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက် ပြီး လွန်စွာ စိုးရိမ်ပူပန်မိကြောင်းနဲ့ နှစ်ဘက်ဆွေးနွေးဖြေရှင်းသွားဖို့လို ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ ဝပြည်နယ် သွေးစည်း ညီညွတ်ရေးပါတီက တိုက်တွန်းလိုက် ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဟာ အစိုးရရဲ့ နယ်ခြားစောင့်တပ်ကို လက်မခံခဲ့တဲ့ အင်အား အကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

KNU ကရင်တပ်၊ SSA ရှမ်းတပ် နဲ့ KIA ကချင်တပ်တွေနဲ့ အဆက်မပြတ် လက်နက်ကိုင် ပဋိပက္ခများ ပေါက်ဖွားခဲ့တာကြောင့် ပြည်သူအမြောက် အများသေကြေဒဏ်ရာရရှိခဲ့ပြီး ပြည်တွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ UWSA က ကြေငြာချက်ထုတ်ပြန်ပြီး ပြောပါတယ်။

ဒေသတည်ငြိမ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရေရှည်တည်တံ့ခိုင်မြဲဖို့ အတွက် အတူတကွ တန်းတူညီမျှမှုနဲ့ အငြင်းပွားမှုတွေကို အတူတကွ ဖြေရှင်းသွားဖို့ လိုတယ်လို့ ပြောထားပါတယ်။

သမ္မတကြီး ဦးသိန်းစိန်အနေနဲ့လည်း တိုင်းရင်းသားရေးရာနဲ့ပတ်သက်လို့ ဧပြီ ၂၃ တုန်းက သူ့မိန့်ခွန်းထဲမှာ ပြောကြားခဲ့တဲ့ အချက်တွေနဲ့ ဖီလာဆန့်ကျင်နေတယ်လို့ ဝတပ်က ထောက်ပြပြောဆိုထားပြီး အစိုးရဘက်က ထိုးစစ်တွေ ရပ်ပေးဖို့နဲ့ တိုင်းရင်းသားတွေဘက်ကလည်း လွန်လွန်ကျွံကျွံဖြစ်စေတဲ့ လှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ ကြေငြာချက်မှာ တောင်းဆိုထားပါတယ်။

ဝနယ်မှာတော့ အစိုးရတပ်ဘက်က စစ်ရေးလှုပ်ရှားတာ တိုက်ခိုက်တာ မျိုးတွေ မလုပ်ပေမယ့် အစိုးရဘက်က တိုက်လာရင်တော့ ဝဘက်ကလည်း တိုက်ခိုက်ဖို့ အသင့်ပြင်ထားတယ်လို့ ဝအရာရှိတစ်ဦးက ပြောပါတယ်။

တခြားတိုင်းရင်းသားဒေသက တိုက်ပွဲတွေကြည့်ပြီး သင်ခန်းစာယူထားသလို ဝနဲ့ ကပ်နေတဲ့ ကိုးကန့်ကို အစိုးရတပ်တွေ တိုက်ခိုက်တုန်းက အခြေအနေတွေကလည်း ဝအတွက် သင်ခန်းစာယူစရာ ဖြစ်တယ်လို့ ဆိုပါတယ်။