ဆင်းရဲနွမ်းပါးမှုကို မြန်မာလျော့ချမည်

  • 21 ဇွန် 2011
Thein Sein ဓာတ်ပုံ မူပိုင် Kyay Mon
Image caption မြန်မာသမ္မတ ဦးသိန်းစိန်

သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးလုပ်ငန်း ဗဟိုကော်မတီ တရပ်ကို တနင်္လာနေ့က ဖွဲ့စည်းလိုက်ပြီး လုပ်ငန်းအကောင်အထည် ဖေါ်ဖို့ ဇူလိုင်လ တစ်ရက်နေ့မှ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သတ်မှတ်ထား ပါတယ်။

ကျေးလက်ဒေသက တောင်သူတွေ လုပ်ငန်းတူ အကျိုးတူလုပ်ဆောင်ကြဖို့ အစုအဖွဲ့အဆင့်ကနေ သမဝါယမ အဆင့်အထိ လုပ်ဆောင်သွားဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိပြီး အများစုက ကျေးလက်မှာ နေကြပါတယ်။

ဆင်းရဲသားလျှော့ကျရေးအစီအစဉ်မှာ အစိုးရအနေနဲ့ အပြောတင်မဟုတ်ပဲ တကယ်တမ်း လက်တွေ့လုပ်ဆောင်မယ်ဆိုရင် လယ်သမားတွေအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်နိုင်တယ်လို့ ပဲခူးတိုင်းက တောင်သူ တစ်ဦးက ပြောပါတယ်။

စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်းကတော့ သမဝါယမပုံစံနဲ့ လုပ်တာဟာ တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းကူညီလုပ်ဆောင်တာဟာ ကောင်းတယ်လို့ ဆိုပေမယ့် သတိထားရမယ့်အချက်တွေ ရှိတယ်လို့ ပြောပါတယ်။

စီးပွားရေးတစ်ခုအနေနဲ့ စုပေါင်းလုပ်ဆောင်ရင် မညီညွတ်မှုတွေ ဖြစ်တတ်တာမို့ ဦးဆောင်နိုင်မယ့် ခေါင်းဆောင်ကောင်း ရှိဖို့လိုတယ်၊ အာဏာပိုင်တွေကလည်း ထိမ်းပေးနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်း အောင်မြင်ဖို့ဆိုရင် အဂတိလိုက်စားမှု ကင်းရှင်းဖို့ လိုသလို အစိုးရဘက်ကလည်း လိုအပ်တဲ့ မတည်ရင်းနှီးငွေနဲ့ လည်ပတ်ငွေ၊ နောက်ပြီး နည်းပညာ စတာတွေကို ပံ့ပိုးပေးဖို့ လိုတယ်လို့ ဦးမော်သန်းက ပြောပါတယ်။