အီးယူ ခရီးစဉ်ကနေ ဘာမျှော်လင့် နိုင်မလဲ

  • 21 ဇွန် 2011

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဥရောပ သံတမန်အဖွဲ့ဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ စီအာ ပီပီ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်တွေနဲ့ လည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံ ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption အီးယူ အဖွဲ့ က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့

မြန်မာ အစိုးရ အဖွဲ့ ဒုတိယ သမ္မတ သီဟ သူရ ဦးတင်အောင် မြင့်ဦးနဲ့ တော့ တနင်္လာ နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ ပါတယ်။

သုံးရက်တာ ခရီးစဉ်ရဲ့ ပထမဆုံးနေ့ ဖြစ်တဲ့ တနင်္ဂနွေနေ့ တုန်းကတော့ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဘာတွေ ဆွေးနွေး ခဲ့တယ်ဆိုတာတော့ မသိရသေး ပါဘူး။

အီးယူ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်ဟာ မြန်မာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်လာအောင် ကြိုးပမ်းတဲ့ ရည်ရွယ်ချက် ရှိတယ်လို့ အီးယူရဲ့ မူဝါဒတွေကို မြန်မာ့ ဒီမို ကရေစီရေး အတွက် အကျိုး ရှိအောင် လုပ်ဖို့ စည်းရုံး ဆောင်ရွက် လေ့ ရှိတဲ့ Burma Campaign UK က ဒါရိုက်တာ မာ့ခ် ဖာမနာက ပြောပါတယ်။

အမေရိကန်က မြန်မာ အစိုးရနဲ့ ထိတွေ့ ဆက်ဆံရေး မူနဲ့ ပိတ်ဆို့ အရေး ယူရေး မူဝါဒကို ယှဉ်တွဲ ပြီး တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်အောင် ကြိုးပမ်း လာချိန်မှာ အီးယူ ဘက်ကလည်း ထိတွေ့ ဆက်ဆံရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင် လိုလာတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တုန်းက နိုင်ငံရေး အကျဉ်းသား လေးရာ လောက်ကို လွှတ်ပေး ခဲ့တာ ရှိခဲ့ပေမဲ့ အခု သမ္မတသစ် ဦးသိန်းစိန်ကတော့ အဲဒီ လောက် တောင် လွှတ်မပေး တာကို ကြည့်ရင် မြန်မာ အစိုးရ သစ် အနေနဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်လိုတဲ့ ဆန္ဒရှိပုံ မရ ဘူး ဆိုတာ တွေ့ရတယ် လို့လည်း မာ့ခ် ဖာမနာက ပြော ပါတယ်။

မြန်မာ နိုင်ငံကို သွားတဲ့ အီးယူ ကိုယ်စားလှယ် အဖွဲ့မှာ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား ရေးရာ မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ရဲ့ အကြံပေး အရာရှိ မစ္စတာ ရောဘတ် ကူပါ ဦးဆောင် လာတာ ဖြစ်ပြီး အီးယူရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ပီယာရို ဖာ့ဆီနိုလည်း ပါဝင် ပါတယ်။

အီးယူက မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူ ထားတာကို ပြီးခဲ့တဲ့ ဧပြီလ ကလည်း နောက်ထပ် သက်တမ်း တစ်နှစ် တိုးခဲ့ပေမဲ့ မြန်မာ အာဏာပိုင်တွေ ဥရောပ ကို လာရောက်ခွင့် ဗီဇာ စည်းမျဉ်းတချို့ ကိုတော့ လျော့ပေါ့ ပေးခဲ့ ပါတယ်။