ဒေါ်အောင်ဆန်း စုကြည်နဲ့ EU အဖွဲ့ တွေ့ဆုံ

  • 22 ဇွန် 2011
eu suu ဓာတ်ပုံ မူပိုင် AFP
Image caption ရင်းနှီးပွင့်လင်းတဲ့ တွေ့ဆုံပွဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ EU အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ သီးသန့် တွေ့ဆုံခဲ့သလို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်တွေနဲ့ရော၊ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီဝင်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲဟာ ရင်းနှီး ပွင့်လင်းစွာ ဆက်ဆံ ပြောဆိုခဲ့တဲ့ တွေ့ဆုံပွဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြန်ပြောပြကြောင်း NLD ဗဟို ဦးဆောင် ကော်မီတီဝင် လည်း ဖြစ် ပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးအုန်းကြိုင်က ဘီဘီစီကို ပြောပါတယ်။

NLD ရဲ့ ရပ်တည် ဆောင်ရွက်နေပုံကို ဒုတိယ ဥက္ကဌ ဦးတင်ဦးက ရှင်းပြခဲ့ပြီး နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး နဲ့ တိုင်းရင်းသား ပဋိပက္ခ အရေးတွေမှာ နိုင်ငံတကာက ဝိုင်းဝန်း ကူညီဆောင်ရွက် ပေးဖို့ကိုလည်း ပန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ သေသေချာချာ ဆန်းစစ် လေ့လာ သင့်ကြောင်း EU ကိုယ်စားလှယ်တွေကို ဦးတင်ဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံကို သွားတဲ့ EU ကိုယ်စားလှယ် အဖွဲ့မှာ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား ရေးရာ မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်ရဲ့ အကြံပေး အရာရှိ မစ္စတာ ရောဘတ် ကူးပါး ဦးဆောင် လာတာ ဖြစ်ပြီး EUရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ပီယာရို ဖာ့ဆီနိုလည်း ပါဝင် ပါတယ်။

EUက မြန်မာ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူ ထားတာကို ပြီးခဲ့တဲ့ ဧပြီလက နောက်ထပ် သက်တမ်း တစ်နှစ် တိုးခဲ့ပေမဲ့ မြန်မာ အာဏာပိုင်တွေ ဥရောပ ကို လာရောက်ခွင့် ဗီဇာ စည်းမျဉ်းတချို့ ကိုတော့ လျှော့ပေါ့ ပေးခဲ့ ပါတယ်။