အမေရိကန် လွှတ်တော်ကို ဒေါ်စု စကားပြော

  • 22 ဇွန် 2011

အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှပစိဖိတ် ကော်မတီခွဲမှာ မြန်မာ့အရေး ကြားနာဆွေးနွေးပွဲတရပ်ကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ် အဖွဲ့ဝင်များ

ရွေးကောက်ပွဲ အလွန် မြန်မာနိုင်ငံရဲ့ အခြေအနေမှန်ကို သုံးသပ်နိုင်ဖို့ အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲကာလအလွန် အခြေအနေမှန်နဲ့ ခက်ခဲတဲ့ ရှေ့ခရီးလို့ အမည်ပေးဆွေးနွေးတဲ့ အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗီဒီယို ပေးပို့ပြီး စကားပြောကြားခဲ့ပါတယ်။

အဲဒီလို ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည် အဓိကပြောဆိုသွားတဲ့ အချက်ကတော့ "မြန်မာ့ အရေးကို လေ့လာရင် ပြီးခဲ့တဲ့ မတ်လ တုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို လက်ကိုင်ထားပြီး လေ့လာဖို့ ကျမတိုက်တွန်းချင်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာ ပါတဲ့ အချက်တချို့ကိုလည်း မီးမောင်းထိုး ပြီး အထူးပြု ပြောဆိုခဲ့ပါတယ်။

ဒီလူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံရေး အကျဉ်သား ကိစ္စ၊ သင်းပင်းဖွဲ့စည်းခွင့် လွတ်လပ်မှု ၊ သတင်းလွတ်လပ်မှု၊ လွတ်လပ် တဲ့ တရားစီရင်မှု ဆိုတဲ့ အရေးကြီးတဲ့ အချက်တွေ ပါဝင်သလို လူ့အခွင့်အရေးကောင်စီရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားကို သူလိုအပ်တဲ့အခါတိုင်းမှာ မြန်မာနိုင်ငံကို လာရောက်ခွင့် ပြုရေးကိစ္စတွေပါဝင်တယ်လို့ ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေး ချိုးဖောက်မှု စုံစမ်းရေး ကော်မရှင် ကိုလည်း ထောက်ခံကြောင်းနဲ့ အဲဒီကော်မရှင်ဟာ စစ်ရာဇဝတ်မှု ခုံရုံး မဟုတ်ကြောင်း ထင်ရှားစေလို ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီဗီဒီယိုခွေဟာ အာရှ ပစိဖိတ်ကော်မတီခွဲရဲ့ ဥက္ကဌ ဒေါ်နယ် မန်ဇူလိုဆီကို လွန်ခဲ့တဲ့ တလလောက်ကတည်းက ပေးပို့ခဲ့တာလို့လည်း သိရပါတယ်။

ကော်မတီရဲ့ ဥက္ကဌ မစ္စတာ ဒေါ်နယ် မန်ဇူလိုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်ပြီးနောက်မှာ သမ္မတအိုဘားမားရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ချဉ်းကပ်ရေး မူသစ် ဟာ အမေရိကန် မြန်မာ ဆက်ဆံရေးမှာရော မြန်မာ့ ဒီမိုကရေစီ အရေးမှာရော ဘယ်နေရာမှာမှ တိုးတက်မှု မရှိနိုင်ကြောင်း သူသံသယ ဝင်တဲ့ အချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။