ရှမ်းပြည်တောင်ပိုင်း SSA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲဖြစ်

  • 23 ဇွန် 2011
ဓာတ်ပုံ မူပိုင် SHAN
Image caption တိုင်းရင်းသား ဒေသတွေမှာ အခြေအနေ တင်းမာ

မြန်မာ အစိုးရ စစ်တပ်ကို ပြန်လည် ခုခံ တိုက်ခိုက်နေတဲ့​ မြောက်ပိုင်း ရှမ်း​ပြည် တပ်မ​တော်ရဲ့ ဌာနချုပ်ဝမ့်ဟိုင်း ဒေသ ပတ်ပတ်လည်ကို မြန်မာအစိုးရ စစ်တပ်က ဒီအပတ်ထဲမှာ စစ်အင်အား ရာနဲ့ချီပြီး ထပ်မံ ပို့ဆောင်ရာ ကနေ နှစ်ဖက်ကြား ပထမဆုံး ကြီးမားတဲ့ တိုက်ပွဲတခု ဖြစ်ပွားခဲ့ပါတယ်။

မြန်မာ အစိုးရ စစ်တပ်ဟာ လွန်ခဲ့တဲ့ ၂ ရက်လောက် ကတည်းက စပြီး ရှမ်းပြည် တပ်မတော် ဌာနချုပ် ဝမ့်ဟိုင်းရဲ့ အနောက်ဘက် ကျေးသီးမြို့နယ် နဲ့ ဝမ့်ဟိုင်း မြောက်ဘက် မိုင်းရယ်မြို့နယ် ဒေသထဲကို ရာနဲ့ချီတဲ့ စစ်အင်အားတွေ ထပ်မံ ပို့ဆောင်ရာ ကနေ တနေ့က မနက်ပိုင်းမှာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက အက်စ်အက်စ်အေ တာဖာဆောင် တပ်စခန်းကို မြန်မာအစိုးရ စစ်တပ်က လက်နက်ကြီးနဲ့ စတင် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီ တာဖာဆောင် တပ်စခန်းဟာ မြောက်ပိုင်း နယ်မြေနဲ့ တောင်ပိုင်း နယ်မြေကို ဆက်သွယ် ပေးထားတဲ့ စခန်း ဖြစ်တာကြောင့် အက်စ်အက်စ်အေရဲ့ အဓိက ကျတဲ့ ခြေကုတ်စခန်း တခုလို့ သိရပါတယ်။

နှစ်ဘက်စလုံး မနက်ပိုင်း ၈ နာရီလောက် ကစပြီး ည ၉ နာရီ၀န်းကျင်လောက် အထိ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ ရှေ့တန်းရောက် အက်စ်အက်စ်အေ အရာရှိတဦးက ပြောပါတယ်။

အခု တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပြောရမယ်ဆိုရင် ဒီတိုက်ပွဲဟာ အကြာရှည်ဆုံးနဲ့ အကြီးမားဆုံး တိုက်ပွဲတခုလို့ အက်စ်အက်စ်အေ က ပြောပါတယ်။

သီးခြား အတည်ပြုချက် မရသေးတဲ့ သတင်းရ ထိခိုက် ကျဆုံးမှုတွေ ကတော့ မြန်မာ အစိုးရ စစ်တပ်ဘက်က တပ်သား ၂ ယောက်သေဆုံးပြီး အက်စ်အက်စ်အေ ဘက်က ၁ ယောက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

အက်စ်အက်စ်အေ ပြောပြချက်အရ သူတို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ မြန်မာအစိုးရ စစ်တပ်ကတော့ ကျေးသီးမြို့နယ်နဲ့ သီပေါမြို့နယ်မှာ လှုပ်ရှားနေကြတဲ့ တပ်၇င်းတွေလို့ သိရပါတယ်။

မြန်မာ အစိုးရ စစ်တပ်ဘက်က အနည်းဆုံး တပ်ရင်း ၃ တပ်ရင်းလောက်ရှိပြီး အက်စ်အက်စ်အေ ဘက်ကတော့ လူအင်အား ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

ဒီကနေ့မှာ တိုက်ပွဲ အခြေအနေက ငြိမ်သွားပြီ ဆိုပေမဲ့ နှစ်ဘက်စလုံးက အင်အား ဖြည့်တင်းမှုတွေ ရှိနေတုန်းလို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ၂၀ ရက်နေ့တုန်းက မြန်မာအစိုးရစစ်ကား အစီး ၅၀ ကျော် တောင်ကြီး​က​နေ အက်စ်အက်စ်အေ ဌာနချုပ် အ​နောက်ဘက် ​ကျေး​သီးမြို့ဘက်ကို ဦး​တည်​နေသလို ကိုးကန့်အခြေစိုက် တပ်မ ၃၃ ကလဲ စစ်ကား ၁ဝ စီးကျော်နဲ့ လားရှိုး ကနေ အက်စ်အက်စ်အေ ဌာနချုပ်မြောက်ဘက် မိုင်းရယ်မြို့နယ် ဘက်ကို ရောက်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီရက်အတွင်း မြန်မာအစိုးရ စစ်တပ်ရဲ့အင်အား ထပ်မံ ဖြည့်တင်းမှုနဲ့ ရွေ့လျားလှုပ်ရှားမှု ပုံစံကို ကြည့်ခြင်းအားဖြင့် ဒါဟာ အက်စ်အက်စ်အေ ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ပြင်နေတဲ့ အနေအထားလို့ အက်စ်အက်စ်အေက ခန့်မှန်းနေကြပါတယ်။

တဘက်မှာလဲ SSA ရဲ့ ဝမ့်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင် သိမ်းပိုက်ဖို့ အတွက်ကိုလဲ နေပြည်တော် စစ်ရုံးချုပ်က အမိန့်ပေး ညွှန်ကြား လိုက်ပြီဆိုတဲ့ အကြောင်း အက်စ်အက်စ်အေ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းထူးက ဘီဘီစီကို ရှင်းပြပါတယ်။

စစ်ရုံးချုပ် အတွင်းပိုင်းနဲ့ ဝင်ဆန့်တဲ့ သူတွေ ပြောပြချက် အရ အက်စ်အက်စ်အေကို တိုက်ခိုက်ဖို့ နေပြည်တော်က ပြီးခဲ့တဲ့ တပတ်ကတည်းက ညွန်ကြားလိုက်ပြီလို့ ဆိုပါတယ်။

နောက်ပြီးတော့ သူတို့ကို တိုက်ခိုက်နိုင်ဖို့အတွက် ဓာတုလက်နက်ပါ သုံးသင့်ရင်လဲ သုံးနိုင်တယ်ဆိုတဲ့ ခွင့်ပြုချက်လဲ ပေးထားတယ်လို့ ဗိုလ်မှူးကြီး စိုင်းထူးက ပြောပြသွားပါတယ်။

အခုအချိန်မှာ မြန်မာအစိုးရ စစ်တပ်တွေဟာ အက်စ်အက်စ်အေ ဌာနချုပ် ဝမ့်ဟိုင်း အနောက်ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက် နေရာ သုံးဖက်သုံးတန် ကနေ အင်အားဖြည့် ဝိုင်းရံ ပိတ်ဆို့ ထားပြီး လွယ်တိုင်းလျဲန်း အခြေစိုက် ရှမ်းပြည် တပ်မတော်အဖွဲ့နဲ့ ဆက်သွယ်ထားတဲ့ လမ်းတခုတည်းကိုသာ ထွက်ပေါက် ပေးထားတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း အက်စ်အက်စ်အေ ခေါင်းဆောင် စဝ်ယွတ်စစ်ကလဲ ပြောပါတယ်။

ရှမ်း​ပြည် တပ်မ​တော်နဲ့ မြန်မာအစိုးရ စစ်တပ်​တွေ အကြား​ တိုက်ပွဲ​တွေ က​တော့​ ​သီ​ပေါမြို့နယ်၊ မိုင်း​ရှူး၊ တန့်ယန်းနဲ့ မိုင်းရယ်မြို့နယ် ဘက်တွေမှာ မတ်လ ကတည်းက စပြီး ကနေ့အထိကို နေ့စဉ် ဆိုသလို ဆက်လက် ဖြစ်ပွား​နေပြီး မြန်မာအစိုးရ စစ်တပ်ဘက်က ​လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဟာလဲ အရင်ကထက် ပိုဆိုး​ လာ​နေတယ်လို့ ဒေသခံတွေက

ပြောပါတယ်။