ကချင်ပြည်နယ် တိုက်ပွဲတွေအတွင်း အစိုးရဖက်က မတရားပြုကျင့်

  • 23 ဇွန် 2011
ကချင်ပြည်နယ်ပြမြေပုံ
Image caption ကချင်ပြည်နယ်ပြမြေပုံ

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာအစိုးရစစ်တပ်တွေကြား တိုက်ပွဲတွေဖြစ်တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကချင်အမျိုးသမီး တွေကို အုပ်စုလိုက် အဓမ္မပြုကျင့်မှု ၁၈ ခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းအခြေစိုက် KWAT လို့ခေါ်တဲ့ ကချင် အမျိုးသမီးအဖွဲ့က ထုတ်ပြန် လိုက်ပါတယ်။

ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တိုက်ပွဲကာလဖြစ်လို့ ဘယ်လောက်ခိုင်လုံတဲ့သတင်းလဲလို့ အဖွဲ့ရဲ့ပြောခွင့်ရ အမျိုးသမီး ရှယ်လီဆိုင်းကို ဘီဘီစီက မေးကြည့်တဲ့အခါ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေဆီက တဆင့် ပြန်သိရတာ ဖြစ်တယ်လို့ပြောပါတယ်။

နောက်တခါ အဓမ္မပြုကျင့်မှုကို စစ်ပွဲမှာ လက်နက်သဖွယ်သုံးတယ်လို့ ဘာကြောင့်ပြောတာလဲဆိုတော့ တိုင်းရင်းသားဒေသတွေ ဖြစ်ကြတဲ့ ရှမ်း ကရင် ဒေသ တွေမှာလည်း ဒီလိုဘဲပြုမူတဲ့ သာဓကတွေရှိကြောင်း အခုကိစ္စတွေကို တမင်အချိန်ကိုက် ထုတ်ပြန်တာ မဟုတ်ဘဲ တိုက်ပွဲကာလမှာ စုံစမ်းပြီး နိုင်ငံတကာသိအောင် အလျင်အမြန် ထုတ်ပြန်တာ ဖြစ်ကြောင်း ရှယ်လီဆိုင်းက ဘီဘီစီကိုပြောကြားသွားပါတယ်။

အခုလို အဓမ္မပြုကျင့်မှုတွေကို ဗန်းမော်ဒေသ အတွင်းမှာ အများဆုံးဖြစ်တာ ဆိုပြီး ဒေသခံတွေက ပြောကြောင်းKWAT အဖွဲ့ကဆိုပါတယ်။