ရုရှ-မြန်မာ နောက်ကွယ်ဆက်ဆံရေး

  • 23 ဇွန် 2011

ရုရှ-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ စစ်ရေးက အများဆုံးဖြစ်ပြီး၊ သံတမန်ရေးနဲ့ စီးပွားရေးတို့က နောက်မှာ ရှိနေတယ်လို့ နှစ်နိုင်ငံအရေး စောင့်ကြည့်နေတဲ့ ပညာရှင် တချို့က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်မာစစ်တပ်က MIG 29 တွေကို အုပ်လိုက် ရုရှဆီက ဝယ်ခဲ့တယ်

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ မြန်မာ စစ်တက္ကသိုလ်ဆင်း ဗိုလ်တွေကို ရုရှနိုင်ငံပို့ ပညာသင်စေတာကစပြီး၊ ရုရှဆီက MIG 29 တိုက်လေယာဉ် နှစ်အုပ်၊ အစီး ၂၀ ဝယ်တာ၊ တခြား တိုက်လေယာဉ်တွေ ဝယ်တာ၊ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးတွေ ဝယ်တာတွေ လုပ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD က သုတေသီ ဦးဌေးအောင်က ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံက လေယာဉ်တွေ ကို ထောက်လှမ်းနိုင်တဲ့ ရုရှလုပ် တာဝေး ထောက်လှမ်းရေးရေဒါတွေကိုလည်း မြန်မာက ဝယ်လို့ ရုရှ ပညာရှင်တွေက လာတပ်ဆင် ပေးနေတယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာ-ရုရှ ဆက်ဆံရေးနဲ့ပတ်သက်လို့ မြန်မာဟာ နိုင်ငံစုံနဲ့ ပေါင်းတယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှု ခံရချိန်မှာ အာဆီယံနဲ့ အိန္ဒိယကို ပေါင်းတယ်၊ အခုလည်း အမေရိကန်ကို မျက်စ ပစ်တယ်၊ စစ်အေးကာလမှာလည်း အမေရိကန်ဘက် ယိမ်းလိုက်၊ ရုရှနဲ့ တရုတ်ဘက် ယိမ်းလိုက် လုပ်ခဲ့တယ်လို့ ဦးဌေးအောင်က ပြောပါတယ်။

စီးပွားရေးပိုင်းမှာတော့ ပြီးခဲ့တဲ့နှစ်တွေကတည်းက အရင် စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ခရီးစဉ်တခု အပြီးမှာ မြန်မာနိုင်ငံထွက် သစ်တောနဲ့ ရေထွက် စက်မှု ကုန်ကြမ်းတွေ ရုရှကို တင်ပို့ ရောင်းချပို့ မျှော်မှန်း ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာလည်း ရုရှက ကုမ္ပဏီတွေကို ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း မြောက်ပိုင်းမှာ ရွှေနဲ့ ဆက်စပ် သတ္ထုတွေ တူးဖော် ထုတ်ယူနိုင်ဖို့ လိုင်စင်တွေ ပေးထားပြီး လုပ်ခွင့် ပြုထား တယ်လို့ ဦးဌေးအောင်က ပြောပါတယ်။