မြို့ကြီး သုံးမြို့မှာ ဗုံးပေါက်ကွဲ

  • 24 ဇွန် 2011

မြန်မာ နိုင်ငံက မြို့ကြီးတွေ ဖြစ်တဲ့ မန္တလေး၊ နေပြည်တော်နဲ့ ပြင်ဦးလွင်မြို့ တို့မှာ ဇွန်လ ၂၄ ရက် သောကြာနေ့ နေ့လည်က တချိန်တည်း လိုလိုမှာ ဗုံးတွေ ပေါက်ကွဲခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မန္တလေးမှာ ဗုံး ပေါက်ကွဲ ရာနေရာကို လူတွေ သွားရောက် ကြည့်နေ

မန္တလေး မြို့လယ် ၈၄ လမ်းနဲ့ ၂၈ လမ်းထောင့် စျေးချို နားမှာ နေ့လည် ၁၂ နာရီ လောက်က ပေါက်ကွဲ ခဲ့တဲ့ ဗုံးကြောင့် ကားတစ်စီး ပျက်စီး သွားခဲ့ပြီး လူ သုံးယောက် ထက် မနည်း ဒဏ်ရာ ရခဲ့ ပါတယ်။

တခါ မန္တလေး မှာပဲ ၃၂ လမ်းနဲ့ ၈၄ လမ်းထောင့်မှာ ဒုတိယ ဗုံးတစ်လုံး ညနေ ၃ နာရီမှာ ထပ်မံ ပေါက်ကွဲခဲ့ ပါတယ်။

အဲဒီ ဗုံးကတော့ ကြိုတင် သတင်းရခဲ့လို့ လူအသွား အလာ ကို ကြိုတင် ပိတ်ထားတဲ့ အတွက် ထိခိုက် ဒဏ်ရာရတာ တွေ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

Image caption နေပြည်တော်က ကျောက်မျက် ရတနာ ပြတိုက်

နေပြည်တော် မှာတော့ ကျောက်မျက် ရတနာ ပြတိုက်နားက လူမနေတဲ့ အိမ်တစ်လုံး ထဲမှာ ဗုံး ပေါက်ကွဲ ခဲ့တာ ဖြစ်ပြီး ပေါက်ကွဲသံကြီး ကို ဒေသခံတွေ ကြားခဲ့ရ ပေမဲ့ ထိခိုက်မှု မရှိဘူးလို့ သိရ ပါတယ်။

ပြင်ဦးလွင်မှာ လည်း လူမနေတဲ့ အိမ်တစ်လုံး ထဲမှာ ဗုံးကွဲခဲ့ ပါတယ်။

ဒီ ဖောက်ခွဲမှု တွေကို ဘယ်သူက ပြုလုပ် ခဲ့တယ်ဆိုတာ ကတော့ မသိရသေး ပါဘူး။

နေပြည်တော်ရဲချုပ်ရုံးကို ဘီဘီစီက ဆက်သွယ် မေးကြည့်ခဲ့ရာမှာ တာဝန်ခံ ဖြေကြားဖို့ အဆင့်ဆင့် ငြင်းဆို သွားခဲ့ ပါတယ်။

ဒီလဆန်းကလည်း နေပြည်တော် နားက ရထားတစ်စီး ပေါ်နဲ့ နေပြည်တော် စျေးက အိမ်သာ ထဲမှာ ဗုံးကွဲခဲ့ ပါတယ်။

လောလောဆယ် အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပြီး တင်းမာ နေတဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ကတော့ အခု ပေါက်ကွဲမှုတွေဟာ သူတို့နဲ့ မဆိုင်ကြောင်း ပြောပါတယ်။

သုံးသပ်ချက်

တိုင်းရင်းသား နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပြီး မတည်မငြိမ်ဖြစ်နေတဲ့ အခုလို အချိန်မှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်နေတဲ့ အတွက် ရက် ၁၀၀ တောင် မပြည့်သေးတဲ့ သမ္မတသစ် ဦးသိန်းစိန် အစိုးရ အတွက် လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ ဗဟု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဦးအောင်သူငြိမ်း က သုံးသပ် ပါတယ်။