ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေ ဂျပန် သွားလေ့လာမည်

  • 24 ဇွန် 2011
Image caption ဂျပန် ခရီးစဉ် အကြောင်း NDF ပါတီက ဦးခင်မောင်ဆွေ ပြောကြား

ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ နိုင်ငံရေး ပါတီ တွေအနက် ခြောက် ပါတီ က ကိုယ်စားလှယ် တွေဟာ ဂျပန်နိုင်ငံ ကို သွားဖို့ စီစဉ် နေတယ် လို့ သိရ ပါတယ်။

အဲဒီ နိုင်ငံရေး ပါတီတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ၊ အမျိုးသား ဒီမို ကရေစီ အင်အားစု ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၊ ရခိုင် အမျိုးသားများ ဒီမို ကရေစီ ပါတီ ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရေစီ ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီ ပါတီ တွေ ဖြစ်ပါတယ်။

သူတို့ကို ဂျပန် နိုင်ငံခြားရေး ဌာနက study tour အဖြစ် ခေါ်သွားမှာ ဖြစ်ပြီး အဲဒါပြီးရင် ဂျပန် နိုင်ငံ အတွင်း သွားချင်တဲ့ နေရာတွေ ရှိရင် လိုက်ပို့ ပေးမှာ ဖြစ်တယ်လို့ သိရ ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ က ဦးခင်မောင်ဆွေ က ပြော ပါတယ်။

ဇူလိုင် လဆန်း လောက်မှာ သွားဖို့ အစီအစဉ် အတိအကျ ကို သိရ နိုင်ပြီး ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၀ နေရာ နဲ့ အထက် နိုင်တဲ့ ပါတီကို ဖိတ်ကြားတာ ဖြစ်ကြောင်း၊ ပြည်ထောင် စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ က ၁၀ ဦး နဲ့ ကျန်တဲ့ ပါတီတွေ က ၂ဦး ကျစီ ဖိတ်ကြားခြင်း ခံရပြီ လို့ သိရကြောင်း သူ က ဆို ပါတယ်။

သူတို့ ပါတီ အနေနဲ့ ရွေးချယ်မယ့် သူတွေဟာ အသက် ၃၅နှစ်အောက် ဖြစ်ရမယ် ၊ နိုင်ငံရေး အတွေးအခေါ် အတန်အသင့် ရှိရမယ် ၊ အင်္ဂလိပ်လို ပြောနိုင်ရမယ် ၊ ဒီမိုကရေစီ ကိုလည်း ရအောင် ဆက်လက် လှုပ်ရှား ဆောင်ရွက်သွား နိုင်မယ့်သူ ဖြစ်ရမယ် ၊ ပါတီကိုလည်း သစ္စာ ရှိတဲ့သူ ၊ ဗဟုသုတ ရှိသူ ဖြစ်ရမယ် စတဲ့ အချက်တွေ ပေါ် မူတည်ပြီး လူငယ် ပါတီဝင် တွေ ကို ရွေးချယ်ရေး ကော်မတီ က ရွေးချယ် ဖို့ သတ်မှတ် ထားပြီး အရံ တွေလည်း ရွေးထားမယ် လို့ ဦးခင်မောင်ဆွေ က ပြော ပါတယ်။

အဓိကတော့ လူငယ် နိုင်ငံရေး သမား ပညာတတ် တွေကို ဂျပန် က ဖိတ်တာဟာ ကမ္ဘာကြီး ကို ပိုပြီး မြင်ကွင်းကျယ် မြင်နိုင်အောင် စီစဉ်ပေးတာလို့ ယူဆရကြောင်းနဲ့ နိုင်ငံ ရေး ပါတီ တွေကို အလေး အနက်ထား ဖိတ်တာဟာ မြန်မာ နိုင်ငံ ပေါ် အလေးအနက် ထားလာပြီ ဆိုတာ ပြသ နေကြောင်း နဲ့ မြန်မာနိုင်ငံ မှာ လွှတ်တော် နိုင်ငံရေး ပေါ် ပေါက် လာတာ ကို ဂျပန် က ကြိုဆိုတယ် ဆိုတဲ့ အခြေအနေ ကို သိသာ ထင်ရှား စေတယ် လို့လည်း ဦးခင်မောင်ဆွေ က ပြောပါတယ်။