မြန်မာနိုင်ငံမှာ ဘိန်း အထွက် ပြန်တိုးလာ

  • 24 ဇွန် 2011
ဘိန်း
Image caption ဘိန်းခင်းတွေ ပြန်တိုးလာနေ

မြန်မာနိုင်ငံမှာ ၂၀၁၀ အတွင်း ဘိန်း အထွက် ၂၀ ရာခိုင်နှုန်းတိုး လာတယ် လို့ ကုလသမဂ္ဂ အစီရင်ခံစာ အရ သိရ ပါတယ်။

ကုလသမဂ္ဂ ရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုများ တိုက်ဖျက်ရေး ဆိုင်ရာ အေဂျင်စီ က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အာဖဂန်နစ္စတန် နိုင်ငံမှာ ရာသီ ဥတု မကောင်းတဲ့ အတွက် ဘိန်း အထွက် ၄၀ ရာခိုင်နှုန်း ကျဆင်းသွားတဲ့ အချိန် မှာ မြန်မာ နိုင်ငံ က အဓိက ဘိန်း ထုတ်လုပ်တဲ့ နိုင်ငံ အဖြစ် နေရာ ပြန်ယူ လာတယ် လို့ ရေးသားထား ပါ တယ်။

အက်ဖီတမင်း ပုံစံ စိတ်ကြွဆေး တွေ ထုတ်လုပ်မှု က လည်း မြန်မာပြည် မှာ တိုးပွား လာ နေတယ် လို့ လည်း ကုလသမဂ္ဂ က ဆို ပါတယ်။

မြန်မာနိုင်ငံတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု အခြေအနေ ကို အမြဲ စောင့်ကြည့် နေတဲ့ ရှမ်း သံတော်ဆင့် သတင်းဌာန က ဦးစိန်ကြည် က မြန်မာနိုင်ငံ မှာ မနှစ် က ရာသီဥတု ကောင်း ခဲ့တာ၊ ပြည်သူ့စစ် အဖွဲ့ တွေ ထိန်းချုပ်ရာ ဒေသမှာ ဘိန်းစိုက်ပျိုး ခွင့် ကို လွတ်လွတ် လပ်လပ် ခွင့်ပြုနိုင်နေတာ၊ မူးယစ် ဆေးဝါး ရာဇာ တွေက လွှတ်တော် အမတ် တွေ ဖြစ်လာ တာ စတဲ့ အချက် တွေ က ဘိန်း အထွက်တိုး မှု ကို ဖြစ်စေ ခဲ့တာ လို့ ဘီဘီစီ ကို ပြောပါတယ်။

ဦးစိန်ကြည် က အခု အာဏာရနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီ ဟာ ရွေးကောက်ပွဲ မတိုင်ခင် ကာလ မှာ မဲဆွယ် စည်းရုံးစဉ် က ဒေသတွင်းမှာရှိတဲ့ ဘိန်းစိုက် တောင်သူ တွေကို သူတို့ ကို မဲထည့်ရင် ဘိန်း လွတ်လွတ်လပ်လပ် စိုက် လို့ ရမယ် ဆိုတဲ့ အာမခံချက် ပေးပြီး တောင် မဲဆွယ်ခဲ့ တယ် လို့ စွပ်စွဲ ခဲ့ ပါတယ်။

ရှမ်းပြည်နယ် တွင်း က ၅၅ မြို့နယ် မှာ ဘိန်းစိုက်ခင်း တွေရှိတဲ့ မြို့နယ် ပေါင်း ၄၆ မြို့နယ် ရှိတယ် လို့ လည်း သူ က ပြောပါတယ်။

မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ၁၉၉၉ ခုနှစ် ကစလို့ ၁၅ နှစ် အတွင်း ဘိန်းစိုက်ပျိုးမှု ကင်းပ ရမယ် လို့ စီမံကိန်း ချထားပေမယ့် စီမံကိန်း ကာလ ကုန်ဆုံး မယ့် ၂၀၁၄ ရောက် ဖို့ ၃ နှစ် သာလို တော့တဲ့ အခု ကာလ က အခြေအနေ ကို ကြည့်ရင် စီမံကိန်း ကာလ ပြီးဆုံးချိန် မှာ လည်း ဘိန်းစိုက်ပျိုးမှု ကင်းပ ဖို့ မလွယ်သေးတာ ကို မှန်းဆ နိုင်ပါတယ်။