မြို့ပြလူထု လုံခြုံရေး

  • 25 ဇွန် 2011
mandalay bomb ဓာတ်ပုံ မူပိုင် AFP
Image caption မန္တလေး စျေးချိုတော် အနီး ဗုံးကွဲပြီး မြင်ကွင်း

မြို့တွေပေါ်မှာ ဗုံးခွဲတိုက်ခိုက်တာ မဖြစ်ရ အောင် လုံခြုံရေး အစီအမံ က မရှိ သလောက် ဖြစ်နေ တယ်လို့ မြန်မာနိုင်ငံ စစ် ထောက်လှမ်းရေး ဘက်မှာ တာဝန်ယူ ခဲ့ဘူးတဲ့ သူ တဦး က ပြော ပါတယ်။

သောကြာနေ့ က မန္တလေး၊ နေပြည်တော်၊ ပြင်ဦးလွင် စတဲ့ မြို့တွေမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှု မျိုးတွေ မဖြစ်ရအောင် ကြိုတင် ကာကွယ်တဲ့ စီမံချက် က သူတို့ ခေတ် တုန်း ကလဲ သေသေချာချာ မရှိ သလို အခုလည်း မရှိပါဘူး လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ဘီဘီစီ ကို ပြောပါတယ်။

ဗုံးခွဲမယ့် သတင်းရ ရင် လမ်းပိတ်ရှာတာ၊ ဧည့်စာရင်း စစ်တာ ကလွဲလို့ တင်ကြိုစီမံချက် ဘာမှ မရှိဘူးလို့ သိရ ပါတယ်။

ဗုံးတွေ ကွဲပြီးမှသာ ဘာဗုံး အမျိုးအစား ဖြစ်လို့ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာ ခန့်မှန်း ကြပြီး အခင်း ဖြစ်တဲ့ နေရာ က လူတွေရဲ့ ပြောကြားချက် ကို အခြေခံကာ မသင်္ကာတဲ့ သူကို လိုက်ဖမ်း စစ်ဆေးတာ သာ ဖြစ်ကြောင်း လည်း သူ က သူတို့ အတွေ့အကြုံ နဲ့ ယှဉ်ပြီး ပြော ပြပါတယ်။

အဲဒီတော့ ဗုံးခွဲသူ အဖြစ် မသေချာပဲ တရားရုံး က ပြစ်ဒဏ် ချမှတ် လိုက်သလို ဖြစ်နေ ကြောင်း သူ က ရှင်းပြပါတယ်။

မြန်မာနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ ဗုံးကွဲမှု တွေ ဥပမာ ၂၀၀၅ က ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု ၊ Junction 8 နဲ့ သင်္ကြန် X2O ရေကစား မဏ္ဍပ် ဗုံးကွဲမှု တွေ အပါအဝင် ဗုံးကွဲမှု အကုန် နီးပါး လက်သည် မရှာနိုင်ခဲ့ ကြောင်း နဲ့ စွပ်စွဲခံရသူ ထုတ်ပြ လာရင်လည်း ယုံကြည်နိုင်စရာ အချက် အလက် တွေနဲ့ သက်သေ မပြနိုင် ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် က ပြောသွား ပါတယ်။

ကမ္ဘာအေးစေတီ မှာ စွယ်တော် ပူဇော်ပွဲမှာ ဗုံးကွဲမှု မှာ ပါဝင် ပတ်သက်တယ် လို့ သင်္ကာ မကင်းခံရသူ စစ်ဗိုလ် တဦး ကို လည်း အထက် က အမိန့် နဲ့ မစစ်ဆေး နိုင်ပဲ လွှတ် ခဲ့ ရတာ တွေ ရှိခဲ့ကြောင်းလည်း သူ က ဆိုပါတယ်။