ဗုံးပေါက်ကွဲမှုတွေကြောင့် ဒေါ်စု နယ်လှည့်ခရီး အပေါ် စိုးရိမ်ရလား

  • 25 ဇွန် 2011
Image caption ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး စိတ်ပူဖွယ်

မြန်မာနိုင်ငံ ဗုံးပေါက်ကွဲမှုတွေ မငြိမ်မသက် ဖြစ်နေတဲ့ အခြေအနေ တွေကြောင့် ဒေါ်အောင်ဆန်း စုကြည် ရဲ့ နယ်လှည့်ခရီး လုံခြုံ စိတ်ချရ ပါ့မလား လို့ စိုးရိမ်စရာတွေ ဖြစ်နေ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌလည်း ဖြစ် ၊ ဒီပဲယင်း အရေး အခင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူတူ တိုက်ခိုက်ခံ ရဖူးတဲ့ ဗိုလ်ချုပ်ကြီး ဟောင်း ဦးတင်ဦးက လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျေနပ်လောက်အောင် သက်ဆိုင်ရာ အာဏာ ပိုင် တွေနဲ့ ညှိပြီးမှ သွားမယ်လို့ ဆိုပါတယ်။

လွှတ်တော်ခေါ် အစိုးရဖွဲ့ပြီး နောက်ပိုင်း အစိုးရ က ကေအန်ယူ နဲ့လည်း စစ်ဖြစ် ၊ ရှမ်းနဲ့ လည်း ဖြစ် ၊ ကချင်မှာလည်း ကေအိုင်အိုနဲ့လည်း ဖြစ်နေ တာတွေ ဟာ ကောင်းတဲ့ သဘော သဘာဝ မဟုတ် ဘူး ဆိုတာကို သဘောပေါက်တယ် လို့ ဦးတင်ဦး က ပြောပါတယ်။

နယ်လှည့် ခရီးသွားမယ် ဆိုရင်တဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကို သေသေချာချာ တာဝန် ယူဖို့ ညှိနှိုင်း အကြောင်းကြားပြီးမှ သွားမှာ ဖြစ်တယ် ၊ ဒေါ်အောင်ဆန်း စုကြည် ကို မငြိမ် သက်အောင်လုပ်မယ့် လူလိုလို ပြောနေတာ၊ အာဏာပိုင်တွေက အရပ်သား တယောက် လို့ သတ်မှတ်ပြီး သူ့ အတွက် လုံခြုံရေး မစီစဉ် မယ့် သဘော ပြောနေတာ တွေ ဟာ လက်လွတ် စပယ် ပြောတဲ့ သဘော ရောက်နေ တဲ့ အတွက် ဒါတွေကလည်း စဉ်းစားစရာ ဖြစ်တယ် လို့ လည်း သူ က ဆိုပါတယ်။