ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ ၃၅ နှစ်ပြည့် လှုပ်ရှားမှု

  • 26 ဇွန် 2011
ဓာတ်ပုံ မူပိုင် abfsu
Image caption မဆလအစိုးရရဲ့ ကြိုးပေး ကွပ်မျက် ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်

ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးတဲ့ ၃၅ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သူ့ကို အမှတ်တရ ဂုဏ်ပြုတဲ့ အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေ ဟာ လျှို့ဝှက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

၁၉၇၆ ခုနှစ်က ဇွန်လ၂၆ရက်နေ့က မဆလ အစိုးရရဲ့ ကြိုးပေးကွပ်မျက်တာကိုခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးအတွက် ဗကသ ကျောင်းသားတွေက ပို့စကဒ်တွေဝေခဲ့ သလို တန်ခိုးကြီး ဘုရားတွေမှာ ဝတ်ပြုဆုတောင်း ပွဲတွေ လုပ်ခဲ့ပြီး၊ ဆလိုင်း တင်မောင်ဦး အကြောင်း စာတမ်းဖတ်ပွဲတွေ လျှို့ဝှက်ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း သင်္ကန်းကျွန်း၊ တာမွေ၊ မြောက်ဥက္ကလာ၊ မန္တလေးမြို့သစ်နဲ့ အမရပူရမြို့ တွေမှာ ဆလိုင်းတင်မောင်ဦးဓါတ်ပုံပေါ်မှာ သူကြိုးပေးမခံရခင် ပြောသွားတဲ့ ''မင်းတို့ စစ်ဘိနပ်အောက်မှာ ဘယ်တာ့မှဦးမညွတ်ဘူး'' ဆိုတဲ့စာသားနဲ့ ''ဆလိုင်းတင်မောင်ဦးကို ဦးညွတ်ဂုဏ်ပြုပါတယ်'' ဆိုတဲ့ စာသားတွေရေးပြီး ဝေခဲ့ကြတယ်လို့ ဗကသ ပြောရေးဆိုခွင့် ရှိသူ ကိုဇာနည်က ဘီဘီစီကို ပြောပါတယ်။

ဒီလို အလားတူ ဆလိုင်းတင်မောင်ဦး အမှတ်တရ အခမ်းအနားကို အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့ကို ရောက်နေတဲ့ ချင်းကျောင်းသားတွေ ကလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။