ဦး​ရွှေ​မန်း​အပြော KIO လက်မ​ခံ

  • 26 ဇွန် 2011

ရန်ကုန်မှာ လွှတ်တော်အမတ်တွေ၊ စီးပွားရေး သမားတွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း မကြာခင်က တွေ့ခိုက်မှာ ကချင်ကိစ္စကို ပြေလည် သွားပြီလို့ ခပ်ပေါ့ပေါ့ ပြောဆိုတာကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ငြင်းဆိုလိုက်ပါတယ်။

Image caption KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်များ

ကချင်မှာ အေးချမ်းနေပြီလို့ ပြောမရတဲ့ အကြောင်း၊ တိုက်ခိုက်တာတွေ ကျဲသွားပေမယ့် တည်ငြိမ်နေပြီ လို့တော့ ပြောလို့ မရသေး ကြောင်း ဒုက္ခသည်တွေ နေ့စဉ် တိုးနေတာကို ထောက်ပြလို့ KIO က တာဝန်ရှိသူ တဦးက ဘီဘီစီကို ပြောပါတယ်။

ဦးရွှေမန်းအပြောဟာ လက်တွေ့နဲ့ ကွဲလွဲနေ တယ်၊ မြစ်ကြီးနား ဗန်းမော်မြို့တွေမှာဆိုရင် လူထုက ကြောက်နေကြတယ်၊ ညပိုင်း ၈ နာရီကျော်ရင် အပြင်မထွက်ရတာတွေ၊ စစ်မေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေ စိတ်လာ တာကို ထောက်ခြင်းအားဖြင့် ပြေလည်မှုရပြီဆိုတာ မဟုတ်ဘူးလို့ KIO တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလာနန်း က ပြောပါတယ်။

တကယ်တော့ တိုက်ပွဲတွေ၊ စစ်ပွဲတွေဆိုတာ လွှတ်တော်နဲ့ တိုက်ရိုက်ပတ်သက်မှုထက် စစ်တပ်နဲ့ပတ်သက်လို့ စစ်တပ်နဲ့ နှစ်ဘက်ကြား သဘောတူညီချက် ရဖို့လိုပြီး အခုထက်ထိ တော့ စာအပေးအယူကော၊ စကားပြောတာရော မရှိသေးဘူးလို့ ဦးလာနန်းက ပြောပါတယ်။

လက်ရှိမှာတော့ အစိုးရတပ်တွေက အင်အားတိုးချတဲ့ လှုပ်ရှားမှုတွေ ရှိနေလို့ အဲဒါမျိုး မလုပ်ဘဲ ရပ်လိုက်မှ ဒေသမှာ တည်ငြိမ်သွားမှာ ဖြစ်ပေမယ့် အစိုးရတပ်တွေရဲ့ တိုက်ပွဲ အတွက် ပြင်ဆင်နေတာမျိုးတွေကို တွေ့နေရတယ်လို့ KIO က ပြောပါတယ်။