တရုတ်လူမျိုးတွေ မန္တလေးကျောက်ဝိုင်းမှာ အဖမ်းခံရ

  • 27 ဇွန် 2011
Mandalay ဓာတ်ပုံ မူပိုင် UGC
Image caption လူအုပ်ကို ထိမ်းဖို့ အတွက် ရဲ ၁၀၀ လောက် ရောက်လာ ခဲ့ပါတယ်

မန္တလေးမြို့ ကျောက်မျက် ရတနာ စျေးမှာ ခိုက်ရန် ဖြစ်ပွားမှု တခုကြောင့် တရုတ် လူမျိုး ခြောက်ဦးကို ရဲက ဖမ်းဆီး ထားကြောင်း မျက်မြင် သက်သေ တွေက ပြောပါတယ်။

ကျောက်စိမ်းတုံး တခုကို အရောင်းအဝယ် လုပ်ရာမှာ အချင်းများ ကြတဲ့အတွက် မြန်မာ ပွဲစားတဦးကို တရုတ် ပြည်မကြီးက လာတဲ့ ကုန်သည် တွေက ဝိုင်းဝန်း ထိုးကြိတ် ခဲ့တာ ဖြစ်တယ်လို့ အဲဒီ သက်သေ တွေက ပြောပါတယ်။

ဒီကိစ္စ ဖြစ်ပြီးတဲ့နောက် အနီးအနားမှာ ရှိတဲ့ မြန်မာတွေက တုန့်ပြန်ဖို့ ဝိုင်းလာကြတဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၁၀၀ လောက်က လာရောက် ဟန့်တား ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာ လူအုပ်ကြီးက တရုတ် လူမျိုးပိုင် ဆိုင်တခုကို ဖျက်ဆီး ပစ်ခဲ့ ကြပါတယ်။

ဓာတ်ပုံ မူပိုင် UGC
Image caption ကျောက်ဝိုင်းမှာ တရုတ်ပြည်မက ကုန်သည်တွေလည်း လာရောက်ကြပါတယ်

အခင်း ဖြစ်ပွား မှုကြောင့် ကျောက်ဝိုင်း ကို ၃ ရက် ပိတ် ထားဖို့ အာဏာပိုင် တွေက အမိန့် ထုတ်ထား ပါတယ်။

တရုတ် လူမျိုးတွေ ကိုဖမ်းထားတယ် ဆိုတဲ့ မန္တလေးမြို့ အမှတ် ၇ ရဲစခန်းကို ဆက်သွယ် မေးမြန်း ကြည့်တဲ့ အခါမှာတော့ အခြေအနေဟာ တည်ငြိမ် သွားပြီလို့သာ ဆိုခဲ့ပြီး အသေးစိတ် ကိုတော့ ဆက်မပြော ခဲ့ပါဘူး။

မန္တလေးမှာ တရုတ် လူမျိုးတွေ တစထက်တစ သြဇာလွှမ်းမိုး လာတဲ့ အပေါ် မကျေနပ်မှုတွေ ရှိနေတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။