ဒေါ်​စု တ​ရားတော်​နှင့်​ယှဉ်​တဲ့ လွတ်လပ်​ရေး​ပြော​မယ်

  • 28 ဇွန် 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ဘီဘီစီ ရေဒီယို ဖိုး၊ ဘီဘီစီ World Service နဲ့ ဘီဘီစီ World News တို့ကနေ မြန်မာ စံတော်ချိန် မွန်းလွဲ နှစ်နာရီခွဲမှာ Reith lecture လို့ ခေါ်တဲ့ ကမ္ဘာ့အဆင့်မီ ခေါင်းဆောင်တွေ၊ ပညာရှင်တွေ တနှစ်တခါ ပို့ချတဲ့ ပို့ချချက် တခုကို အင်္ဂလိပ် ဘာသာနဲ့ ဟောပြော ပို့ချမှာ ဖြစ်ပါတယ်။

Image caption ကမ္ဘာကို လွတ်လပ်ခြင်းအရသာသစ်အကြောင်း ပြောပြမယ့် ဒေါ်အောင်ဆန်းစုကြည်

မြန်မာစံတော်ချိန် နှစ်ချက်ခွဲမှာ ဘီဘီစီ World Service ရေဒီယိုကနေ ဖမ်းယူ နားဆင် နိုင်ပါ တယ်။ ဒေါ်စုက မြန်မာပြည်တွင်း ဒီမိုကရေစီ လှုပ်ရှားမှုက အခက်အခဲတွေနဲ့ စပ်လို့ သူ ကိုယ်တိုင် ခံစား ယုံကြည်တဲ့ အကြောင်းတွေကို သုံးသပ် ဟောပြောမှာ ဖြစ်ပြီး နိုင်ငံတကာက ပညာရှင်တွေနဲ့ စိတ်ဝင်စားသူပေါင်း များစွာက နားထောင်ကြမှာ ဖြစ်သလို မနေ့ကတော့ လန်ဒန်ထုတ် သတင်းစာတွေကလည်း အမျိုးမျိုး သုံးသပ် ရေးသားခဲ့တာမှာ သည် ဂါဒီးယန်း သတင်းစာ ဆောင်းပါး ကတော့ ပြောင်ပြောင် မြောက်မြောက် ရှိခဲ့ပါတယ်။

အဲဒီထဲက စိတ်ဝင်စားစရာကောင်းတဲ့အချက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ နိုင်ငံရေးအတွက် စဉ်းစား လုပ်ဆောင်တဲ့ နေရာမှာ သူ ယုံကြည်ရာ ဗုဒ္ဓဘာသာပေါ်မှာ စွဲစွဲမြဲမြဲ အခြေတည်ထားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ပို့ချမယ့် ပထမပိုင်းမှာ ကမ္ဘာက လက်ခံထားတဲ့ လွတ်မြောက်မှု၊ လွတ်လပ်ရေးနဲ့ မြန်မာပြည်မှာ လိုနေတဲ့ လွတ်လပ်ရေး၊ ဒေါ်အောင်ဆန်းစုကြည် ပြောပြမယ့် မြန်မာပြည် လွတ်မြောက်ရေးဆိုတာ အနောက်နိုင်ငံတွေက လက်ခံထားတာမျိုး မဟုတ်ဘဲ ဗုဒ္ဓဘာသာနဲ့ ယှက်နွယ်ထားတဲ့ အတွေးအခေါ် အယူအဆသစ် တမျိုးကို ကြားနာရမယ်လို့ ဂါးဒီးယန်း သတင်းစာရဲ့ ပင်တိုင် ဆောင်းပါးရှင် မက်ဒလင်း ဘန်တင်းက သုံးသပ် ရေးသားထားပါတယ်။

အနောက်နိုင်ငံတွေက ယေဘူယျလက်ခံထားတဲ့ တရား ဥပဒေအရ၊ နိုင်ငံရေးအရနဲ့ အုပ်ချုပ်ရေး စနစ်ကြီး တခုလုံးအရ လွတ်လပ်နေရတဲ့ အပြင်ကို စိတ်ပိုင်းဆိုင်ရာ အနေနဲ့ပါ နိုင်ငံသားတဦးချင်းရဲ့ လွတ်မြောက်မှုတွေ၊ အကြောက်တရားနဲ့ အမုန်းတရားတွေ ကနေပါ လွတ်မြောက်နေမှုမျိုးကို ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။

လူတွေဟာ စိတ်ဒုက္ခတွေကနေ မလွတ်မြောက်သမျှ တကယ့်ဒုက္ခကနေ မလွတ်ဘူး၊ ဒေါ်စုရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေဟာ သူယုံကြည်တဲ့ ဗုဒ္ဓဘာသာတရားနဲ့ အများကြီး ချိတ်ဆက် နေတယ်လို့ ဆောင်းပါးရှင် ထောက်ပြထားပါတယ်။

ဒီကနေ့ ဘီဘီစီ World Service ရေဒီယိုကနေ အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံတကာကို မြန်မာ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲမှာ ပို့ချမယ့် ဟောပြာချက်မှာ စိတ်ပိုင်းဆိုင်ရာ လွတ်မြောက်မှု ရှိနေခြင်းဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုပါ တွန်းအားပေးနိုင်မယ် ဆိုတဲ့ မျက်မှောက် မြန်မာ့နိုင်ငံရေးနဲ့ ဗုဒ္ဓဘာသာကို ချိတ်ဆက် ဟောပြောတာ မျိုးတွေ ပါလာမှာမို့ ပြည်တွင်းနဲ့ နိုင်ငံတကာက သူ့ကို ချစ်တဲ့ထောက်ခံသူတွေကို အထူးသဖြင့် အနောက် နိုင်ငံတွေအတွက် လုံးဝကို ထူးခြားတဲ့ အတွေးအခေါ်ကို ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပို့ချချက်တွေကို ဘီဘီစီ မြန်မာဌာနကလည်း မကြာခင်မှာ မြန်မာဘာသာ ပြန်ဆိုလို့ တင်ဆက်ပေးပါမယ်။