ပစ်​မှတ်ထား​ အရေး​ယူဖို့ အမေ​ရိ​ကန်​ကို​တိုက်တွန်း

  • 27 ဇွန် 2011

အမေရိကန်အစိုးရရဲ့ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ JADE ဥပဒေအရ မြန်မာအစိုးရကို စီးပွားရေးနဲ့ နိုင်ငံရေးအရ ထောက်ခံ ပံ့ပိုး အားပေးနေတဲ့ နောက်ထပ် ပုဂ္ဂိုလ် ၄၂ ဦးကို Targeted Sanction လုပ်ဖို့ US Camapign For Burma က အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဆီ မနေ့က စာရေးပေးပို့ တိုက်တွန်း နေပါတယ်။

ဓာတ်ပုံ မူပိုင် Other
Image caption US Campaign for Burma က ဘဏ္ဍာရေး ဝန်ကြီးTim Geithner ကို စာရေးလိုက်တာပါ

US Camapign For Burma က စာရင်းပြုစု တိုက်တွန်းနေတဲ့ အထဲမှာ အစိုးရနဲ့ နီးစပ်တဲ့ နောက်ထပ် စီးပွားရေး လုပ်ငန်းရှင်တွေ အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး နေရွှေသွေးအောင်၊ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနဲ့ မီဒီယာ လုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ကုန်မီဒီယာ Group က ဦးကိုကို စက်မှုတက္ကသိုလ်၊ ဦးမြတ်ခိုင်၊ ဒေါက်တာ နေဝင်းမောင်နဲ့ ဒေါက်တာ တင်ထွန်းဦး စတဲ့ သူတွေ ပါလာပါတယ်။

အရင် သမ္မတဘုရှ်လက်ထက်မှာ ဦးတေဇနဲ့ ဒေါက်တာ ခင်ရွှေတို့ကို ဒီလို ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ခဲ့ဖူးပေမယ့် သမ္မတ အိုဘားမား လက်ထက်မှာ Max Myanmar က ဦးဇော်ဇော် တဦးတည်းကိုပဲ အရေးယူ ထားရသေးတယ်လို့ US Camapign For Burma ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ဦးအောင်ဒင်က ဘီဘီစီကို ပြောပါတယ်။

အခု ၄၂ ဦး စာရင်းမှာတော့ စီးပွားရေးသမားတွေထဲက ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၊ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း၊ အရင်စစ်အစိုးရလက်ထက်က စက်မှု ၁ ဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးအောင်သောင်းရဲ့ သားတွေ ဖြစ်တဲ့ ဦးပြည်အောင်နဲ့ ဦးနေအောင်တို့လည်း ပါနေတယ်လို့ သိရပါတယ်။

မီဒီယာသမားတွေကို ထည့်ရတာကတော့ ဒီလူတွေဟာ အစိုးရရဲ့ နိုင်ငံရေးဝါဒတွေကို လူထုကြား မှိုင်းတိုက်ပေးနေတဲ့အပြင် အစိုးရဘက်က တဖက်သတ်ရပ်တည်ပြီး ဒီမိုကရေစီ အင်အားစုတွေကို ရှုတ်ချနေတာကြောင့် ဖြစ်တယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို အခုလို ပြည်တွင်းစစ် လိုတောင် ပြန်ဖြစ်နိုင်တဲ့ အချိန်မှာ ဘယ်လိုမှ ရုတ်ဖို့က မဖြစ်နိုင်တဲ့အပြင် ပိုပြီး ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ရမယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။