ကေအိုင်အေ နဲ့ အစိုးရတပ် တိုက်ပွဲ ထပ်ဖြစ်

  • 28 ဇွန် 2011

ကချင် ပြည်နယ် ကာမိုင်းမြို့ အနီးမှာ မြန်မာ အစိုးရ စစ်တပ် ခလရ (၂၉၇) က တပ်သားတွေနဲ့ ကေအိုင်အေ တပ်ရင်း ၆ က တပ်သားတွေ တိုက်ပွဲ ဖြစ်ခဲ့တဲ့ အတွက် မြန်မာ အစိုးရ စစ်တပ်က သုံးယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာ ရသွား တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption ကေအိုင်အေ ဘက်က ပြောက်ကျား စစ် ဆင်နွှဲ

ထိခိုက် သေကြေမှု တွေနဲ့ ပတ်သက်လို့ ကေအိုင်အေ ဘက်က လွဲလို့ တခြား အတည်ပြုချက်တော့ ရယူနိုင်ခြင်း မရှိပါဘူး။

နေရာ အနေအထား အရ အသာစီး ရနေ တာကြောင့်နဲ့ ခြုံခို တိုက်ပွဲကို အဓိကထား တိုက်ခိုက်တာ တို့ကြောင့် သူတို့ဘက်က အသေ အပျောက် နည်းတာ ဖြစ်တယ်လို့ ကေအိုင်အို အတွင်း ရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည်တွေ ထပ်မံ ထွက်ပြေး လာနေဆဲ

တနင်္လာနေ့ က ဗန်းမော် မြစ်ကြီးနား ကားလမ်းပေါ်မှာ ရှိတဲ့ ကျေးရွာတွေက ပြည်သူ လေးဆယ်လောက်ဟာ ကေအိုင်အို ဌာနချုပ် ရှိရာ လိုင်ဇာက ဒုက္ခသည် စခန်းကို ရောက်လာကြတယ်လို့ ဦးလာနန်းက ပြောပါတယ်။

ဒုက္ခသည်တွေ အဖြစ် နေ့စဉ် ထပ်မံ ရောက်လာ ကြသူ တွေသာ ရှိနေပြီး စခန်းကနေ ပြန်သွားတယ် ဆိုသူ မရှိ သလောက်ပဲ လို့လည်း သူက ပြောပါတယ်။

ကေအိုင်အိုက စီစဉ်ပေးထားတဲ့ စခန်းတွေကို ရောက်လာ ကြသူတွေက ကောက်စိုက်ဖို့ ဆိုပြီး သူတို့ နေရာတွေကို ပြန်သွားသူတချို့ ရှိတယ်၊ သူတို့ မိသားစုတွေ ကတော့ စခန်းတွေ မှာပဲ နေရစ် ခဲ့ကြတယ်လို့ ဦးလာနန်းက ပြောပါတယ်။

ဗန်းမော် ဒေသခံတွေ လုပ်ငန်း ထိခိုက်

ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ စစ်တပ်ကြားမှာ အခု လဆန်းပိုင်းကစတင်ပြီး တိုက်ပွဲတွေ ကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်နေ တဲ့ အတွက် ဗန်းမော် မြို့နယ်က ဒေသခံတွေ လုပ်ငန်းတွေ ထိခိုက် နေတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

အလုပ်အကိုင်တွေ ထိခိုက်ပြီး စျေးဆိုင်တွေမှာ အရောင်း အဝယ်တွေ အေးသွားလို့ ဒေသ တစ်ခုလုံးကို ရိုက်ခတ်မှု ဖြစ် နေတယ်လို့ လည်း ဒေသခံ တွေက ပြောပါတယ်။