တောင်ငူ​နဲ့ သံဖြူ​ဇရပ်​မှာ ဗုံး​ကွဲ

  • 29 ဇွန် 2011

မနေ့က ဇွန်လ ၂၈ ရက်ညက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးနောက်မှာ ဗုံးတလုံး ပေါက်ကွဲခဲ့သလို ဒီကနေ့မှာလည်း နေ့လယ်ပိုင်းက ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့မှာ ဗုံးတလုံးကွဲခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဇွန်လ ၂၄ ရက်က မန္တလေးစျေးချိုအနီးတွင် ပေါက်ကွဲခဲ့တဲ့ ဗုံးကြောင့် တားဆီးစစ်ဆေးခဲ့

တောင်ငူမြို့ အမှတ် ၁၉ ရပ်ကွက်၊ မိတ္တဗလ လမ်းပေါ်က ရဲနဲ့စစ်တပ်တွေ အခြေချရာနားက မိုးလုံလေလုံ အားကစားရုံ အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဗုံးတွေကြောင့် အပျက်အစီး နည်းနည်း ရှိတာက လွဲလို့ လူ အသေအပျောက် မရှိခဲ့ပေမယ့် ဒေသခံတွေ ကတော့ ထိတ်လန့် နေကြတယ်လို့ သိရပါတယ်။

``မိုးလုံလေလုံ အားကစားရုံမှာက အသံဗုံးပဲ၊ အကျယ်ကြီး ကြားရတယ်`` တောင်ငူမြို့ခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကလည်း မန္တလေး၊ ပြင်ဦးလွင်နဲ့ နေပြည်တော်တွေမှာ ဗုံးတွေ ဆက်တိုက် ကွဲခဲ့လို့ မြို့ခံတွေက ထိတ်လန့်မှုတွေ ရှိခဲ့ပါတယ်။ ဗုံးခွဲသူတွေကိုတော့ မမိသေးပါဘူး။