ဒေါ်စု နိုင်ငံရေး မလုပ်ဖို့ အစိုးရ တား

  • 29 ဇွန် 2011

မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာပြီး တဲ့နောက် ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်း စုကြည် နဲ့ အန်အယ်လ်ဒီ ပါတီ ကို နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်ဖို့ သတိ ပေးလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဒေါ်စု ရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေဟာ ဥပဒေကို ချိုး ဖောက် တယ်လို့ အစိုးရပြော

အန်အယ်လ်ဒီဟာ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင်ခြင်း မရှိခဲ့လို့ ဥပဒေ အရ နိုင်ငံရေး ပါတီ အဖြစ်ကနေ ပျက်ပြယ်ခဲ့ပြီး ဖြစ်တယ်၊ ဒါပေမဲ့ နို်ငငံရေး ပါတီ အဖြစ် လက်ရှိ လုပ်ဆောင် နေတာတွေဟာ ဥပဒေကို တမင် ချိုးဖောက်တာ ဖြစ်တဲ့ အပြင် အစိုးရကို ဆန့်ကျင် နေတာလည်း ဖြစ်တယ်လို့ အစိုးရသစ်က ပြော ပါတယ်။

ဇွန်လ ၂၈ ရက် နေ့စွဲနဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနက ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ပေးပို့ခဲ့တဲ့ စာထဲမှာ အဲဒီလို ရေးသား သတိပေး ထားပြီး အဲဒီ အကြောင်းကြား စာကို ဇွန်လ ၂၉ ရက် ကြာသပတေး နေ့ထုတ် သတင်းစာတွေ ထဲမှာလည်း ဖော်ပြထား ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ ဆွေးနွေးခဲ့ ပြီးတဲ့နောက် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို ကို လိပ်မူပြီး အန်အယ်လ်ဒီ ဘက်က သဘောထားနဲ့ တောင်းဆို ချက်တွေ ပါဝင်တဲ့ အကြောင်းကြားစာ ပို့လိုက် တယ်လို့ အန်အယ်လ်ဒီ ဗဟို ဦးဆောင် ကော်မီတီဝင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြော ပါတယ်။

အန်အယ်လ်ဒီ ပါတီဟာ ဥပဒေအရ ရပ်တည် နေဆဲ ဖြစ်ပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း လေးစားကြောင်း၊ အစိုးရကလည်း ဥပဒေ စိုးမိုးရေးကို ပြောထားတဲ့ အတွက် သူတို့ အနေနဲ့ တရား ဥပဒေ စိုးမိုးရေး ကိစ္စကို နှစ်ဘက် ဆွေးနွေး လိုတယ်လို့ တောင်းဆိုလိုက်တာ ဖြစ်ကြောင်း လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ပါတီ အနေနဲ့ အစိုးရ စာထဲမှာ ပြောထား သလို ရဟန်း၊ ရှင်၊ လူ ပြည်သူ စိတ်ဝမ်း ကွဲအောင် ဘာမှ လုပ်ဆောင်တာ မရှိဘူးလို့ လည်း သူက ပြောပါတယ်။

အန်အယ်လ်ဒီ အနေနဲ့ လုပ်ဆောင်နေတဲ့ နိုင်ငံရေး လုပ်ငန်းရပ်တွေကို ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။