ပင်လယ်​ထဲ​မျော​ဆင် ရခိုင်​ငါး​ဖမ်း​သမား​ကယ်

  • 29 ဇွန် 2011

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မေယုတောင်တန်းကနေ တောင်ကျချောင်း ရေကြောင့် ပင်လယ်ထဲ မျောသွားတဲ့ ဆင်တွေကို ငါးဖမ်းသမားတွေက တွေ့ရှိ ကယ်တင်နိုင်ခဲ့ပါတယ်။

Image caption စစ်တွေမြို့ စျေးနားက စစ်တွေလှေဆိပ်

ငါးဖမ်းလှေက ပင်လယ်ထဲ ဆင်တွေ့လို့ ဆင်ကို ကြိုးချပေးလိုက်တာမှာ ကြိုးကို ဆင်က နှာမောင်းနဲ့ ယူပြီး ဆွဲလိုက်လာတာကြောင့် ငါးဖမ်းစက်လှေက စစ်တွေ ဆိပ်ကမ်းကို မောင်းယူ ခေါ်လာခဲ့တယ်လို့ စစ်တွေ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ဆင်က စျေးနားက ကမ်းနားကို ရောက်လာ တော့ တက်လိုက်ပြီး ငှက်ပျောပင်တွေ ကျွေးတဲ့အခါ စားတယ်လို့ သိရပါတယ်။ ဆင်ရိုင်းဖြစ်တာမို့ လူတွကို စိမ်းနေသေးပြီး အရွယ်ကလည်း အလတ်စား အရွယ်ဖြစ်လို့ အစွယ်တောင် မရှိသေးဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။

နောက်ထပ် ဆင်ရိုင်း အကြီးတစ်ကောင် အငယ်တစ်ကောင်ကိုလည်း ပင်လယ်ထဲတွေ့လို့ စစ်တွေမြို့ကနေ ငါးမိုင်လောက်ဝေးတဲ့ သရက်ချောင်းကျေးရွာဘက်ကို ဆွဲယူ ကယ်တင်ခဲ့ တယ်လို့ သိရပါတယ်။

မေယုတောင်တန်းကနေ မကြာခင်ကလည်း ဆင်ဖြူ သုံးကောင်ရခဲ့ဖူးတယ်လို့ သိရပါတယ်။