ရော့စ် ဒန်ကလေကို တရားရုံးက စီရင်ချက်ချ

  • 30 ဇွန် 2011

သြစတြေးလျ နိုင်ငံသား မြန်မာ တိုင်းမ်စ် သတင်း ဂျာနယ် အယ်ဒီတာချုပ် ရော့စ် ဒန်ကလေဟာ အမျိုးသမီး တစ်ယောက်ကို ကိုယ်ထိ လက်ရောက် စော်ကားမှုနဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖေါက်မှုတွေနဲ့ အပြစ် ရှိတယ်လို့ ကမာရွတ် မြို့နယ် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဒန်ကလေကို စွဲဆို ထားတဲ့ အမှု ငါးခု ရှိခဲ့

ရော့စ် ဒန်ကလေဟာ အမျိုးသမီး တစ်ယောက်ကို ကိုယ်ထိလက်ရောက် နာကျင်အောင်လုပ်ခဲ့မှုနဲ့ ထောင်ဒဏ် တစ်လ အပြစ် ချမှတ် ခံခဲ့ရပေမဲ့ သူကျခံ ရမယ့် ပြစ်ဒဏ် တစ်လကို အကျဉ်း ထောင်ထဲမှာ နေခဲ့ရပြီး ဖြစ်တဲ့အတွက် တရားရုံးက သူ့ကို လွှတ်ပေးခဲ့ ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှု အတွက် ထောင်ဒဏ် ၆လ ဒါမှမဟုတ် ငွေဒဏ်ကျပ်ငွေ တသိန်းတပ်ခဲ့ရာမှာ သူက ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။

မစ္စတာ ဒန်ကလေက သူ့အနေနဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ တယ်ဆိုတာ တရားလို ဘက်က ခိုင်လုံတဲ့ အထောက် အထား ပြသနိုင်ခြင်း မရှိတဲ့ အတွက် သူ့ကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်တယ်၊ တရား စီရင်ရေး စံနစ်ရဲ့ အခြေခံက အပြစ်ရှိကြောင်း သက်သေ မပြနိုင် သရွေ့ အပြစ် မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သူ့မှာ အပြစ် မရှိတဲ့ အတွက် အယူခံ ဝင်မယ်လို့ မစ္စတာ ဒန်ကလေက ပြောပါတယ်။

မစ္စတာ ဒန်ကလေကို ရာဇဝတ်မှု လေးမှု၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှု တစ်မှု တို့နဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပြီး ရာဇဝတ်မှု သုံးမှု ကိုတော့ စောစောပိုင်းကပဲ တရားသေ လွှတ်ပေးခဲ့ ပါတယ်။

မစ္စတာ ဒန်ကလေဟာ မြန်မာ တိုင်းမ်စ် သတင်း ဂျာနယ် ပိုင်ဆိုင်မှု၊ ဂျာနယ်ရဲ့ အနာဂတ် ဦးဆောင်မှု တို့နဲ့ ပတ်သက်ပြီး မြန်မာ အစုစပ် လုပ်သူတွေနဲ့ အငြင်းပွားမှု ဖြစ်နေ ချိန်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။