အစိုးရ က ကေအိုင်အို နဲ့ တွေ့ဆုံဆွေးနွေး

  • 30 ဇွန် 2011
kachin demo ဓာတ်ပုံ မူပိုင် BCUK
Image caption ကချင်မှာ ထိုးစစ်ရပ်ဖို့ နိုင်ငံတကာ မှာလည်း တောင်း ဆို ကြ

ကချင်ပြည်နယ် အစိုးရ က ဝန်ကြီး တဦး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ဟာ ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) က ကိုယ်စားလှယ် အဖွဲ့ နဲ့ ကြာသပတေး နေ့ က သူတို့ကြား လက်နက် ကိုင် ပဋိပက္ခ ကိစ္စ ကို တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။

အစိုးရတပ်ကော ကချင် လက်နက်ကိုင် တပ် ပါ အခြေချ တပ်စွဲ ထားတဲ့ လဂျားယန် အရပ် မှာ တွေ့ဆုံခဲ့ ကြတဲ့ အဲဒီ ဆွေးနွေးပွဲ ကို တက် ရောက် လာကြတဲ့ ပြည်နယ် အစိုးရ ကိုယ်စားလှယ် အဖွဲ့ ကို ကချင်ပြည်နယ် အစိုးရ ရဲ့ နယ်စပ် နဲ့ လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်ပြီး ကေအိုင်အို ဘက် ကတော့ ကချင် လွတ် မြောက်ရေး တပ်ဖွဲ့ က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင် ခဲ့ပါတယ်။

အစိုးရ တပ်ဖွဲ့တွေကို ဇွန် လ ၁၈ ရက်နေ့ ကတည်း က တဖက်သတ် အပစ်ရပ် ထားဖို့ အမိန်ပေးခဲ့ပြီ ဖြစ်ကြောင်း နဲ့ နောက်ဆို ဆက်လက် ဆွေးနွေးဖို့ အမြဲ ဆက်သွယ် ရ မှာ ဖြစ်တဲ့ အတွက် မြစ်ကြီးနား မှာ ကေအိုင်အို ဆက်သွယ်ရေး ရုံး ပြန်ဖွင့် ဖို့၊ နိုင်ငံရေး ပြဿနာ တွေကို နိုင်ငံရေး နည်းနဲ့ သာ ဖြေရှင်း ဖို့ စတဲ့ အချက် ၃ ချက် ကို ပြည် နယ် အစိုးရ ကိုယ်စားလှယ် တွေ ဘက် က ပြောခဲ့ ကြောင်း ကေအိုင်အို ရဲ့ တွဲဘက် အထွေထွေ အတွင်း ရေးမှူး ဦးလနန် က ဘီဘီစီ ကို ပြောပါတယ်။

ကေအိုင်အို ဘက် ကတော့ အပစ်အခတ် ရပ် တယ်လို့ အစိုးရဘက် က ပြောနေပေမယ့် လက်တွေ့ မှာ တိုက်ပွဲ အသေးစား တွေ က ဖြစ်နေဆဲ ပဲ လို့ ဆိုပြီး အပစ်အခတ် ရပ် ထားဖို့ သူတို့ တပ်တွေကို ပေးထားတဲ့ အမိန့် ကို အထောက်အထား နဲ့ ပြမှာသာ သူတို့ ဘက် က လက်ခံ ပြီး ဆွေးနွေးပွဲ ကို ရှေ့ဆက် မယ်လို့ ပြန်ဆွေးနွေး ခဲ့ကြောင်း သူ က ပြော ပါတယ်။

ဆက်သွယ်ရေးရုံး ပြန်ဖွင့်ဖို့ ကိစ္စ ကလည်း အပစ်အခတ်ရပ်တာ သေချာ မှ လုပ်လို့ ရမှာ လို့ မြင်ကြောင်း သူ က ဆိုပါတယ်။

နောက်တကြိမ် ဆွေးနွေးပွဲ ဘယ်တော့ ပြန်လုပ်မယ် ဆိုတာ ကတော့ သတ်မှတ်ထားခြင်း မရှိ သေး ပါဘူး။

အစိုးရ ဘက် ကအခုလို ကမ်းလှမ်း စကားပြော ဆွေးနွေးလာတဲ့ ကိစ္စ ဟာ ထူးခြားမှု တခု လို့ သတ်မှတ်နိုင်ပြီး ဒီလိုဆွေးနွေးပွဲ ဖြစ်လာဖို့ တရုတ် နိုင်ငံ က တွန်းအား တွေ လည်း ပါနိုင် တယ် လို့ တွက်ဆ ကြ ပါတယ်။