ဒေါ်စု နဲ့ ပတ်သက်တဲ့ အမေရိကန် အမြင်

  • 30 ဇွန် 2011

မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး လှုပ်ရှားမှုတွေ မပြုလုပ်ဖို့ တားမြစ်တဲ့ သတိပေးစာ ထုတ်ပြန် ခဲ့တာအပေါ် အမေရိကန် ပြည်ထောင်စုက တုံ့ပြန်လိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဒေါ်စုနဲ့ အန်အယ်လ်ဒီ ကို နိုင်ငံရေး လှုပ်ရှားမှု မလုပ်ဖို့ အစိုးရက သတိ ပေးထား

အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဌာန ဒုတိယ ပြောခွင့်ရ ပုဂ္ဂိုလ်က ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ လွတ်လွတ် လပ်လပ် ခရီးသွားခွင့် ရသင့်တယ် လို့ ပြောပါတယ်။

ဒါ့အပြင် သူ့နိုင်ငံရေး အယူအဆကို လွတ်လွတ် လပ်လပ် ထုတ်ဖော် ပြောဆို နိုင်ခွင့် ရသင့်တယ်၊ နိုင်ငံရေးကို ပြည့်ပြည့် ဝဝ လုပ်ခွင့်ရ သင့်တယ်လို့ ဗုဒ္ဓဟူး နေ့က ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။

အန်အယ်လ်ဒီ ဟာ ပါတီ အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရပြီး ဖြစ်လို့ တရားဝင် ပါတီ တစ်ခုလို နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်မှုတွေ မပြုလုပ်သင့် ဘူးလို့ ပါတီ ခေါင်းဆောင် တွေဖြစ်တဲ့ ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ကို ပြည်ထဲရေး ဝန်ကြီး ဌာနက စာရေးသား ပေးပို့ခဲ့ပြီး နောက်တစ်နေ့မှာ မြန်မာ နိုင်ငံထုတ် သတင်းစာတွေထဲ ဖော်ပြခဲ့ကြ ပါတယ်။

မြန့်မာ့အရေး ကြားဝင် ဆောင်ရွက်ပေးမယ့် သမ္မတ အိုဘားမားရဲ့ အထူး ကိုယ်စားလှယ် အဖြစ် အမည်စာရင်း တင်သွင်း ခံထားရသူ ဒဲရက်ခ် မစ်ချယ် ကလည်း ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အထက်လွှတ်တော် ကြားနာမှုမှာ မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောခဲ့ ပါတယ်။

လက်ရှိ ပင်တဂွန် စစ်ဌာနချုပ်က အကြီးတန်း အရာရှိ ဖြစ်သူ ဒဲရက်ခ် မစ်ချယ်က အမေရိကန်အနေနဲ့ မြန်မာ နိုင်ငံသား တွေရဲ့ အခွင့်အရေးကို လေးစားပြီး မြန်မာ အစိုးရ က နိုင်ငံတကာ သဘော တူညီချက် တွေကို လိုက်နာမှု ရှိ အောင်၊ သာယာ အေးချမ်းပြီး ဒီမိုကရက်တစ် မြန်မာ နိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်း သွားမယ်လို့ အမေရိကန် ဆီးနိတ်မှာ ပြောခဲ့ ပါတယ်။