ပင်စင်စားတွေက လစာတိုးပေးမှာကို ကြိုဆို

  • 1 ဇူလိုင် 2011
Kyat ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာငွေ ဟာဖောင်းပွ နေတဲ့ကြားက ပင်စင်စား တွေဟာ လစာ အနည်းငယ်သာ ရကြတာပါ

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာ အစိုးရက ပင်စင် စားတွေအတွက် လစာငွေကို ဇူလိုင်လကုန်က စပြီး တိုးမြှင့် ခံစားစေမှာ ဖြစ်တယ်လို့ ကြာသပတေး နေ့ တုန်းက ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

အဲဒီ ကြေညာချက် အရ ၂၀၁၀ ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်ခင် အစိုးရ လုပ်ငန်း တာဝန်တွေ ကနေ အငြိမ်းစား ယူခဲ့ပြီး ပင်စင်လစာ ခံစား နေသူတွေကို သူတို့ရဲ့ နောက်ဆုံး ရာထူး အလိုက် လက်ရှိအစိုးရ ဝန်ထမ်း တွေအငြိမ်းစား ယူရင် ရမယ့် ပင်စင် လစာ အတိုင်း ခံစားခွင့် ပြုမယ်လို့ ဆိုပါတယ်။

ဒီလို ကြေညာလိုက်တာကို ပင်စင်စား ဝန်ထမ်း ဟောင်းကြီးတွေက ကြိုဆိုကြပေမယ့် အစိုးရသစ်က အဲဒီပင်စင်တိုးမြှင့် ပေးမယ့် ရံပုံငွေကို ဘယ်ကနေ ရယူ သုံးစွဲမယ် ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

စီးပွားရေး ပညာရှင်ဖြစ်သလို ကိုယ်တိုင်လည်း ပင်စင်စား ဝန်ထမ်းဟောင်း တဦးဖြစ်တဲ့ ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ မြန်မာ အစိုးရဌာန တွေမှာ ဘတ်ဂျက် အသုံးစားရိတ် လျှော့ချတာတွေ ရှိတာမို့ အခုလိုပင်စင်လစာ တိုးတာကြောင့် အခက်အခဲမရှိနိုင်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေး သမားတွေရဲ့ ပင်စင် တွေကိုလည်း အချိုးကျ တိုးမြှင့် ခံစားခွင့် ပေးမှာ ဖြစ်တယ်လို့ လည်း အစိုးရ ကြေညာချက် မှာပါရှိ ပါတယ်။