ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ဖို့ ပြင်နေ

  • 1 ဇူလိုင် 2011
Daw Aung San Suu Kyi ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ လုံခြုံရေးကို တွေးကြောက်မနေ

ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ဖို့ အတွက် မကြာခင် နယ်ခရီးစဉ်တွေ စတော့မှာ ဖြစ်ပါတယ်။

ဒါဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်လာ အပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပထမဆုံး အကြိမ် နိုင်ငံရေး ခရီးစဉ် ဖြစ်မှာပါ။

လာမဲ့ ဇူလိုင်လ ၄ရက်နေ့မှာ သားငယ် ကိုထိန်လင်း နဲ့ အတူ ပုဂံကို လေယာဉ်နဲ့ ဘုရားဖူး ခရီးထွက်အပြီး နောက်ပိုင်းမှာ အခုလို နိုင်ငံရေး ခရီးစဉ်တွေ ထွက်ဖို့ စီစဉ်ထားတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ ရက်အတိအကျတော့ မသတ်မှတ်ရ သေးကြောင်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ပုဂံ ခရီးစဉ်ကတော့ မိသားစု ခရီးစဉ် ဖြစ်ပြီး နိုင်ငံရေး ကိစ္စနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို လာမတွေ့ကြဖို့ ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ မန္တလေးမှာ ရှိတဲ့ NLD အဖွဲ့ဝင် တွေကို မှာကြား ထားတယ်လို့ ဦးဝင်းထိန်က ဆိုပါတယ်။

မြန်မာနိုင်ငံက မြို့နယ် တချို့မှာ ဗုံးပေါက်ကွဲမှုတွေ လတ်တလော ဆက်တိုက် ဖြစ်ခဲ့တာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို နိုင်ငံတကာက စိတ်ပူနေတယ်ဆိုတဲ့ ပြောဆိုသံတွေ ရှိနေတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို တကယ်တမ်း ဆောင်ရွက် နေသူတွေက NLD အဖွဲ့ဝင်တွေ ဖြစ်ကြပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်လုံး အနီးကပ် ဆောင်ရွက်ပေး နေခဲ့တာမို့ စိတ်မပူကြဖို့ သူ့အနေနဲ့ ပြောလိုတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း လုံခြုံရေး ကိစ္စတွေကို တွေးပြီး ကြောက်နေသူမျိုး မဟုတ်ပဲ လုပ်စရာ ရှိတာ လုပ်သွားမှာ ဖြစ်သလို ခရီး ထွက်စရာ ရှိရင်လည်း ထွက်မှာ ဖြစ်ကြောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံရေး လှုပ်ရှားမှုတွေ ဆက်လုပ်သွားရေးအတွက် ခရီးတွေ ထွက်ဖို့ အခုလို စီစဉ်နေချိန်မှာ NLD အဖွဲ့ဝင် တချို့အနေနဲ့ လူမှုရေး ဆောင်ရွက်ချက် တွေတောင် လွတ်လွတ်လပ်လပ် မလုပ်နိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အစိုးရတပ်တွေနဲ့ KIA ကချင် လွတ်လပ်ရေး တပ်မတော်အကြား တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို မြစ်ကြီးနား NLD အဖွဲ့ဝင်တွေက ကယ်ဆယ် ရေး အထောက်အပံ့တွေ သွားလှူဒါန်းစဉ်မှာ တားဆီးခံခဲ့ရတယ်လို့ မြစ်ကြီးနား NLD လူငယ် တဦးက ဘီဘီစီကို ပြောပါတယ်။

ကယ်ဆယ်ရေး အထောက်အပံ့တွေ လှူဒါန်းလိုတယ်ဆိုရင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးဆီမှာ မှတ်ပုံတင်ဖို့ လိုကြောင်း၊ ပြီးရင် ပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှာ မှတ်ပုံတင်ဖို့ လိုကြောင်း ဒုက္ခသည် တွေ နေနေတဲ့ ဝိုင်းမော် ဘုရားကျောင်း က တာဝန်ရှိ ပုဂ္ဂိုလ်က ပြောတယ်လို့ အဲဒီ လူငယ်က ပြောပြပါတယ်။

ဒါပေမဲ့ မြစ်ကြီးနားက ဒုက္ခသည်တွေကို အကူအညီ ပေးရာမှာတော့ ဘာ အတားအဆီးမှ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။