လယ်သိမ်းခံ ရမှုနဲ့ တရားရုံး အဆုံးအဖြတ်

  • 1 ဇူလိုင် 2011
ဓာတ်ပုံ မူပိုင် AFP
Image caption ဝင်းမှည့်နေတဲ့ စပါးစိုက်ခင်း

မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာက လယ်သိမ်းခံရ ၊ အရိုက်လည်း ခံခဲ့ရတဲ့ လယ်သမား ၅ယောက်ကို ပြီးခဲ့တဲ့ မေလ လယ်တုန်းက မင်းလှမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၀နှစ် ၇လ ချမှတ်ခဲ့တဲ့ အမိန့်ကို အယူခံ တင်သွင်းရာမှာ ဒီကနေ့ မင်းဘူးခရိုင် တရားရုံးက ပြင်ဆင်ပြီး ထောင်ဒဏ် ၃လပြောင်း သတ်မှတ်ပေး လိုက်ပါတယ်။

မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာက လယ်ဧက ၄ထောင်ကျော်ပေါ်မှာ ဦးပိုင် လီမိတက် က ကော့စတစ်စက်ရုံ ဆောက်လုပ်ဖို့ ဆိုပြီး လျော်ကြေး မပေးပဲ ၂၀၁၀ နှစ်ကုန်ပိုင်းက သိမ်းယူခဲ့လို့ စစ္စရံရွာသား ဦးသန်းဦးနဲ့ တောင်သူ ၄ဦးက ကုမ္ပဏီ တာဝန်ရှိသူတွေကို တရားစွဲဆို နေတုန်းမှာပဲ ၂၀၁၁ မတ်လ ၂၁ ရက်ညက လယ်သမား ဦးသန်းဦးနဲ့ စစ္စရံရွာသား ၅ဦးဟာ ကံမမြို့ကနေ ဆိုင်ကယ် ၃စီးနဲ့ ပြန်အလာ ထူးကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ တည်ဆောက်ရေးရုံးနား အရောက်မှာတော့ ရုံးထဲက ထွက်လာတဲ့ လူ၂၀ ကျော်က ဝိုင်းပြီး ရိုက်နှက် ဖမ်းဆီးခံခဲ့ ရပါတယ်။

အရိုက်ခံရတဲ့ တောင်သူတွေကို ဦးပိုင် လီမီတက်ရဲ့တာဝန်ရှိသူ ဗိုလ်မှူး၀င်းမြင့်က တရားလိုလုပ်ပြီး ပုဒ်မ ၄ခုနဲ့ တရားစွဲတဲ့အမှုကို မေလ ၁၉ ရက်နေ့က မင်းလှ ခရိုင်တရားရုံးကနေ ဦးသန်းဦးနဲ့ ရွာသား၄ယောက်ကို ထောင်ဒဏ် ၉နှစ်၇လကနေ ၁၀နှစ်၇လထိ စီရင်ချက် ချမှတ်ခဲ့ပါတယ်။

ဒီလိုစီရင်ချက် ချတာဟာ မတရားဘူး ဆိုပြီး၊ လယ်သမားတွေရဲ့ အကျိုးဆောင် ရှေ့နေ ကွန်ယက်က မင်းဘူးခရိုင် တရားရုံးကို အယူခံတက်ခဲ့လို့ ဒီနေ့မှာ ၃လဘဲ ကျခံစေဆိုပြီး ပြောင်းပြီး စီရင်ချက် ချပေးလိုက် ပါတယ်။

ဒီလို ပြစ်ဒဏ် အများကြီး လျော့ပေးလိုက်တာ အဖက်ဖက်က ဖိအားတွေကြောင့် ဖြစ်နိုင်ကြောင်း ဒီအမှုကို လိုက်ပါကူညီပေးတဲ့ ရှေ့နေ ဦးအောင်သိန်း က ပြောပြီး အာဏာပိုင်တွေက ဖန်တီးပြီးတော့ စွဲတဲ့ အမှု ဖြစ်ကြောင်းနဲ့ အဲဒီအမှုမျိုးကို ဒီဘက် ကနေပြီး နိုင်ငံတကာ ကရော မီဒီယာတွေရော အကုန်ဝိုင်းအော်တဲ့ အခါမှာ သူတို့ ဘယ်လို နည်းလမ်းနဲ့မှ လုပ်လို့မရလို့ အခု ပြစ်ဒဏ်တွေကို မထင်မှတ်လောက်အောင်ကို လျော့ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၀ နှစ်လောက် ချထားတာကို ၃ လပဲ ပြစ်ဒဏ် ပေးလိုက်တယ်ဆိုတာ တခါမှ အဲလိုမျိုး လျော့ပေးတဲ့ အတွေ့အကြုံမျိုး ရှိတောင် မရှိဖူးဘူး ၊ ခု သရက်ထောင်မှာ ထောင်ဒဏ် ကျခံနေရတဲ့ စစ္စရံရွာသား ၅ဦးကတော့ မင်းဘူး ခရိုင် တရားရုံးကပို့တဲ့ အမှုစီရင်ချက်နဲ့ လွှတ်ဝရမ်း သရက်ထောင်ကို ရောက်တာနဲ့ လွတ်မြောက် လာမှာ ဖြစ်ပါတယ်။

ဒီအမှုမှာ လယ်သမားတွေ ဘက်က မကြောက်မရွံ့နဲ့ အထက် အဆင့်အဆင့်ကို အယူခံတက်ရဲတဲ့ အတွက် အောင်မြင်မှု ရတာဖြစ်တဲ့အကြောင်း ဦးအောင်သိန်း က ပြောပြပါတယ်။

ဒါ့ပြင် ကျနော်တို့က ဒီလယ်သမားတွေဟာ သူတို့ရဲ့လွတ်လပ်မှု အခွင့်အရေးနဲ့ ပတ်သက်ပြီး တရားရုံးပေါ်မှာ တက်ပြီး တောင်းဆိုရဲတဲ့ သတ္တိတွေကို ပျိုးထောင် ပေးတယ်လို့ မြင်ကြောင်းနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို အရဲစွန့် ခုခံရတဲ့ အခါမှာ အမှန်တရား တစုံတခုလည်း ရရှိလိမ့်မယ်လို့ မြင်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်း ပြောပါတယ် ။

စစ္စရံ ရွာသားတွေက ဦးပိုင်လီမီတက်ကို စွဲဆိုထားတဲ့အမှုကိုတော့ လာမယ့် သြဂုတ်လ ၁ရက်နေ့ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။