ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှု နိုင်ငံတကာ စိုးရိမ်

ဓာတ်ပုံ မူပိုင် no credit
Image caption ဥရောပ သမဂ္ဂ အလံတွေ လွှင့်ထူ

ဥရောပ သမဂ္ဂ ဟာ မြန်မာနိုင်ငံ အခြေအနေကို အနီးကပ် စောင့်ကြည့်ပြီး မြန်မာနဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်တဲ့အခါ အစိုးရရဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေ အပေါ်မှာ အခြေခံ စဉ်းစားမှာ ဖြစ်တယ်လို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒ ရေးရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

မြန်မာ အစိုးရက ဒေါ်အောင်ဆန်း စုကြည်ရဲ့ နိုင်ငံရေး ဆောင်ရွက်ချက်တွေ အပေါ် သတိပေး ဟန့်တား ထားတာတွေ လုပ်ခဲ့ပြီးတဲ့နောက် သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိတ်ခ်

စောစောပိုင်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် မြန်မာအစိုးရ သတင်းစာတွေရဲ့ ရန်လိုခြိမ်းခြောက်တဲ့ ရေးသားမှုကို စိုးရိမ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ ပြည်သူတွေရဲ့ လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတာ ထပ်မံ သတိပေးချင်တယ်လို့လည်း မစ္စတာ ဟိတ်ခ်က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက စောင့်ကြည့်နေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန္တရာယ် အနှောက်အယှက်မရှိ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် ရသင့်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို အစိုးရက သတိပေးစာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။