သြစတြေးလျဝန်ကြီးက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ပြော

  • 3 ဇူလိုင် 2011
Kevin Rudd ဓာတ်ပုံ မူပိုင် AP
Image caption သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စုတို့ စနေနေ့က တွေ့ဆုံ

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင်ရပ်ဒ် ဟာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရသစ် သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံစဉ် တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

''ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေဖြစ်လို့ ဒီလူတွေ လွတ်မြောက်ရေးအတွက် မြန်မာအစိုးရ ဘာလုပ်မယ် ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်နေပါတယ်'' လို့ မစ္စတာ ရပ်ဒ် က စနေနေ့က ပြောကြားပါတယ်။

မစ္စတာ ရပ်ဒ်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စနေနေ့ကပဲ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာမျိုး အပါအဝင် လှုပ်ရှားမှုတွေ မလုပ်ဖို့ သတိပေးစာပေးပို့ခဲ့ပြီး ရက်ပိုင်းအတွင်းမှာဘဲ အခုလို မစ္စတာကယ်ဗင်ရတ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ရပ်ဒ်ကတော့ ဒီလို စာပို့ခဲ့တာဟာ ''စိတ်အနှောက် အယှက်ဖြစ်စရာ'' လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတာနဲ့ ပတ်သက်လို့ ပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ် ကြံ့ခိုင်မှု ပြတ်သားမှု နိုင်ငံရေးသတ္တိတွေကို သူကချီးမွန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင်း ခရီးသွားဖို့ ကြံ့ရွယ်ထားတယ်ဆိုတာ သူကိုပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ဒေါ်စုရဲ့ ဒီမိုကရေစီ အခွင့်အရေးဖြစ်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးအတွက် အစိုးရက အာမခံရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကတော့ မစ္စတာ ကယ်ဗင် ရပ်ဒ်ဟာ မြန်မာသမ္မတနဲ့ တွေ့ဆုံနိုင်ခဲ့သလို ပြတ်ပြတ်သားသား ပြောဆိုမှုတွေ ရှိလို့ သူ့ခရီးစဉ်က ထူးခြားတယ်လို့ ဆိုပါတယ်။