ဒေါ်အောင်ဆန်းစုကြည် ပုဂံ ကိုရောက်ရှိ

  • 4 ဇူလိုင် 2011
Aung San Suu Kyi ဓာတ်ပုံ မူပိုင် AFP
Image caption ပုဂံ ညောင်ဦး လေဆိပ်ကို ရောက်ရှိ လာတဲ့ ဒေါ်အောင်ဆန်း စုကြည်

မြန်မာ့ ဒီမို ကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ နေအိမ် အကျယ်ချုပ် ကနေ လွတ်လာပြီး နောက် ပထမဆုံး ရန်ကုန် ပြင်ပ ခရီးစဉ် အဖြစ် ပုဂံမြို့ ကို တနင်္လာနေ့ မနက်က ရောက်ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့၊ ဇွန်လ ၁၉ ရက် ကတည်းက မြန်မာ နိုင်ငံ မှာ ရောက်နေတဲ့ သားငယ် ကိုထိန်လင်း နဲ့အတူ ပုဂံမြို့ကို ဘုရားဖူး ခရီးစဉ် အဖြစ် သွားရောက်တာ ဖြစ်တယ်လို့ အန်အယ်ဒီ ပါတီ ကပြောပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် လာရောက်တာကို သွားမကြိုဆိုဖို့၊ ဘုရားဂေါပက တွေကိုလည်း ဒေါ်အောင်ဆန်း စုကြည် ဆီက အလှူ မခံဖို့ တားမြစ်ထားတယ်လို့ ပုဂံမြို့မှာ ရှိနေသူ တဦးက ပြောပါတယ်။

လုံခြုံရေး တွေလည်း တင်းကြပ်ထားပြီး အရပ်ဝတ် လုံခြုံရေးတွေက ဒေါ်အောင်ဆန်း စုကြည် တည်းခိုတဲ့ ဟိုတယ် ကို စောင့်ကြည့် နေတယ်လို့လည်း သူက ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ ဘက်ကလည်း ဒီခရီးစဉ်ကို စောင့်ကြည့် နေတာမျိုးတွေ ရှိတယ်လို့ ပုဂံဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဟိုတယ် ဝန်ထမ်း တွေကလည်း ပန်းစည်း များနဲ့ ကြိုဆို

အခု ခရီးစဉ်မှာ ကိုထိန်လင်းက ကုန်းလမ်း ကနေ ကားနဲ့ တနင်္ဂနွေ ညမှာ ကတည်းက သွားရောက် ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် ကတော့ အဲမန္တလေး လေကြောင်းနဲ့ တနင်္လာနေ့ မနက် ၈ နာရီ ခွဲမှာ ရောက်ရှိ ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ လုံခြုံရေး အဖြစ် ဦးခွန်သာမြင့် နဲ့ အတူ စုစုပေါင်း ၄ ဦး လိုက်ပါ သွားတယ်လို့ အန်အယ်ဒီ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ဆိုပါတယ်။

ငါးရက် ကြာမယ့် ဒီခရီးစဉ် ဟာ နိုင်ငံရေး ခရီးစဉ် မဟုတ် သေးပဲ ဘုရားဖူး သက်သက်ပဲ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်က ပြောပါတယ်။

မြန်မာ အစိုးရ ဖက်ကတော့ ဒေါ်အောင် ဆန်းစုကြည် ရန်ကုန် မြို့ အပြင်ဖက်ကို ခရီး ထွက်မယ်လို့ ထုတ်ဖော် ပြောခဲ့ပြီး တဲ့ နောက်ပိုင်း သူ့ကို နိုင်ငံရေး မလုပ်ဖို့ တားမြစ် သတိပေး ခဲ့သလို အစိုးရပိုင် သတင်းစာတွေ ကနေ လည်း အန်အယ်ဒီနဲ့ ဒေါ်အောင်ဆန်း စုကြည် အပေါ် သတိပေး ဝေဖန် ရေးသားမှုတွေ လုပ်နေတာ တွေ့ ရပါတယ်။

နိုင်ငံ တကာခေါင်းဆောင် တချို့နဲ့ ပြည်တွင်း ပြည်ပက ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံ သူတွေက သူခရီး ထွက်ရင် ၂၀၀၃ တုန်းက ဒီပဲယင်းမှာ အကြမ်းဖက် ခံရ သလိုမျိုး ဖြစ်မှာကို စိုးရိမ် နေကြတဲ့ အကြောင်း မကြာခင် ကာလ တွေက ထုတ်ဖော် ပြောဆို ခဲ့ကြ ပါတယ်။