တိုင်းမှူး တချို့ စစ်တိုင်း ပြောင်းရွှေ့

  • 5 ဇူလိုင် 2011

မြန်မာ နိုင်ငံ စစ်တပ် အတွင်း က စစ် တိုင်းမှူး နေရာ တွေ မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း က အ ရွှေ့ အ ပြောင်း တွေ ရှိခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူ တွေက ပြောပါတယ်။

Image caption စစ်တပ်မှာ သြဇာ သက်ရောက်မှု ရှိနိုင်ဖို့ တိုင်းမှူး ရွှေ့ပြောင်းတာ လို့ သုံးသပ်နေ

အပြောင်း အလဲ ညွှန်ကြားချက် အရ ရန်ကုန်တိုင်း တိုင်းမှူးက တောင်ပိုင်းတိုင်း ကို တာဝန်ယူဖို့ ရွှေ့ရပြီး ၊ တောင်ပိုင်းတိုင်း တိုင်းမှူးက အရှေ့ပိုင်းတိုင်း ၊ အရှေ့ပိုင်းတိုင်း တိုင်းမှူးက ရန်ကုန်တိုင်း ကို တာဝန်ယူ ဖို့ စသဖြင့် ပြောင်းရွှေ့ ရတယ်လို့ သိရ ပါတယ်။

ဒါ့အပြင် အရှေ့တောင်တိုင်း တိုင်းမှူးကို အနောက်ပိုင်းတိုင်း၊ အနောက်ပိုင်းတိုင်း တိုင်းမှူး ကို အနောက်တောင်တိုင်း၊ အနောက်တောင်တိုင်း တိုင်းမှူး ကို အရှေ့တောင်တိုင်း စသဖြင့်လည်း ပြောင်းရွှေ့ခဲ့ ပါတယ်။

ဒုတိယ တိုင်းမှူး တချို့နေရာမှာလည်း လူသစ်တွေကို ခန့်ထား ခဲ့ကြတယ်လို့ သိရ ပါတယ်။

အခု ပြောင်းရွှေ့မှုဟာ ကာကွယ်ရေး ဦးစီးချုပ်သစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တပ်ကို သြဇာ သက်ရောက်မှု ရရှိနိုင်အောင် တပ်ကို ထိန်းချုပ်ဖို့ လုပ်ဆောင် တာ ဖြစ်တယ်လို့ မြန်မာ့ စစ်ရေး လေ့လာ သုံးသပ်သူ ဒီမို ကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုက သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။

အကြောင်း ကတော့ လက်ရှိ မြန်မာ စစ်တပ် အတွင်းက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အပါအဝင် စစ်တိုင်းမှူးတွေ အားလုံးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ စိတ်ကြိုက် ရွေးချယ် ခန့်ထား ခဲ့ကြသူတွေ ဖြစ်တဲ့ အတွက် တပ်မတော် တစ်ခုလုံးကို သူ့ သြဇာ သက်ရောက်နေတဲ့ သဘော ရှိတယ်လို့ ဦးဌေးအောင်က သုံးသပ်ပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာ ချိန်မှာ စစ်တပ်အပေါ် ကိုယ်တိုင် သြဇာ သက်ရောက်မှု ရှိအောင် လုပ်ဖို့ လိုအပ်တဲ့ အတွက် သူ့လုပ်ပိုင်ခွင့် အာဏာကို စတင် ပြလာတာလို့ လည်း သူက ပြောပါတယ်။

သိရသလောက် ပြောင်းရွှေ့ ခံရသူ တိုင်းမှူးများနဲ့ တိုင်းများ

မြန်မာ နိုင်ငံ အထက်ပိုင်း တိုင်းသုံးတိုင်း

ရန်ကုန် တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းကို ရန်ကုန်တိုင်းမှ တောင်ပိုင်းတိုင်း သို့ပြောင်း၊

တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးထွဋ်ကို တောင်ပိုင်းတိုင်းမှ အရှေ့ပိုင်း တိုင်းသို့ပြောင်း၊

အရှေ့ပိုင်း တိုင်း မှူး ဗိုလ်မှူးချုပ် စန်းဦးကို ရန်ကုန်တိုင်း သို့ပြောင်း၊

ြန်မာ နိုင်ငံ အောက်ပိုင်း တိုင်းသုံးတိုင်း

လက်ရှိ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းကို အရှေ့တောင်တိုင်းမှ အနောက်ပိုင်းတိုင်း သို့ပြောင်း၊

အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းကို အနောက်ပိုင်း တိုင်းမှ အနောက်တောင်တိုင်း သို့ပြောင်း၊

အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှုးချုပ် တင်မောင်ဝင်းကို အနောက်တောင် တိုင်းမှ အရှေ့တောင်တိုင်း သို့ပြောင်း၊