အမေရိကန်ရောက် မြန်မာ သံတမန် ခိုလှုံမှု များပြား

  • 5 ဇူလိုင် 2011
burmese_embassy ဓာတ်ပုံ မူပိုင် Myanmar Embassy
Image caption ဝါရှင်တန် မြန်မာသံရုံး

အမေရိကန် ဝါရှင်တန်မြန်မာသံရုံး မှ သံတမန်တွေ အမေရိကန်ပြည်ထောင်စု မှာ ဘက်ပြောင်းခိုလှုံမှု များပြားလာရခြင်း မှာ မြန်မာ အစိုးရ ရဲ့ ပြည်သူတွေနဲ့ ဝန်ထမ်းတွေ အပေါ် မတရားသဖြင့် ပြုမူဆက်ဆံမှု တွေကို ဆက်လက်သည်းမခံ နိုင်တော့တဲ့ အတွက် ဖြစ်ရကြောင်းကို ၁၉၈၉ ခုနှစ်က ခိုလှုံခွင့် တောင်းခဲ့တဲ့ တတိယအတွင်းဝန်ဟောင်း ဦးကျော်သာ ကဘီဘီစီ ကို ရှင်းပြပါတယ်။

အမေရိကန်ပြည်ထောင်စုလို အရေးပါတဲ့ နိုင်ငံဆီကို မြန်မာအစိုးရဘက်ကနေ သံတမန်ဝန်ထမ်းတွေ ကို စေလွှတ်တဲ့အခါမှာ ခိုလှုံမှု မပြုကြဖို့ မှာကြားတဲ့ အကြောင်း၊ ခိုလှုံမှု ပြုကြတဲ့ အတွက် မြန်မာ အစိုးရ အနေနဲ့ သိက္ခာကျပုံ ကိုလဲ ဦးကျော်သာ က ပြောပြပါတယ်။

အမေရိကန် အစိုးရ အနေနဲ့လဲ အခုလို သံတမန်တွေ ခိုလှုံကြတာကို လက်ခံပြီး၊ အလုပ်လုပ်ခွင့် ပေးပေမဲ့ တခြားထောက်ပံ့မှု မပြုတဲ့ အကြောင်းလဲ သိရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ က မိသားစုနဲ့ အတူ ခိုလှုံခွင့် တောင်းခံတဲ့ မြန်မာသံရုံး ဒုတိယ အကြီးအကဲ ဦးကျော်ဝင်း ကို သူ့အနေနဲ့ နားလည်ပုံ၊ အပေါင်းအသင်းဆန့်တဲ့ ဦးကျော်ဝင်း ဟာ မြန်မာ အစိုးရ အနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး ပြေလည်ရေး အကြံပေးတာကိုလဲ လက်မခံကြောင်း တွေကို ပြောပြပါတယ်။

အတွေ့အကြုံ ပြည့်ဝ တဲ့ အရပ်သားသံတမန် ဝန်ထမ်းတွေကိုလဲ မြန်မာအစိုးရ အနေနဲ့ အမေရိကန်ကို စေလွှတ်ရခြင်းကလဲ၊ စစ်ဖက် ဆိုင်ရာ သံတမန်တွေကို အမေရိကန်ဖက်က လက်ခံဖို့ ငြင်းဆိုသလို၊ သံတမန် ရေးထုံး ပြောဟန် တွေကိုလဲ အရပ်သား သံတမန် တွေကိုမှ အားကိုးရတဲ့ အတွက် စီစစ်မှုတွေ ကြားက အမှုထမ်းစေရတဲ့ အကြောင်း ဦးကျော်သာက ပြောပြပါတယ်။